Skip to main content

ကျေးလက်ဒေသ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးနှင့် စီမံကိန်း ရေးဆွဲရေးဆိုင်ရာ ဆွေးနွေးပွဲ ကျင်းပ

နေပြည်တော် အောက်တိုဘာ ၁၂

တရုတ်ပြည်သူ့ သမ္မတနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနနှင့် ကျန့်ကျိုးသိပ္ပံနှင့် နည်းပညာကောလိပ်တို့ ပူးပေါင်း၍ ဖွင့်လှစ်သော “ကျေးလက်ဒေသ ခရီးသွား လုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေးနှင့် စီမံကိန်း ရေးဆွဲရေးဆိုင်ရာ ဆွေးနွေးပွဲ”ကို ယနေ့ မွန်းလွဲပိုင်းတွင် ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင် ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် တက်ရောက် အမှာစကား ပြောကြားသည်။

တက်ရောက်

ဆွေးနွေးပွဲသို့ ကျန့်ကျိုး အုပ်ချုပ်ရေးနှင့် စီးပွားရေးဆိုင်ရာ ဗျူရိုမှ ညွှန်ကြားရေးမှူး၊ ကျန့်ကျိုး ခရိုင် ဒုတိယအုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ကျန့်ကျိုးသိပ္ပံနှင့် နည်းပညာ ကောလိပ်မှ ဆရာ ဆရာမများ၊ ဖွံ့ဖြိုးဆဲနိုင်ငံများမှ ကိုယ်စားလှယ်များ၊ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ တာဝန်ရှိ သူများ၊ ဘာသာရပ်တာဝန်ခံများ က Hybrid စနစ်ဖြင့် တက်ရောက်ကြသည်။

ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက ယခု ဆွေးနွေးပွဲတွင် တရုတ်နိုင်ငံ၏ ကျေးလက်ဒေသ အရင်းအမြစ်များအား ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက် ရှင်သန်ရေးအတွက် စီမံကိန်းရေးဆွဲ အသုံးချခြင်းဆိုင်ရာ နည်းလမ်းများနှင့် အလားအလာများ၊ တရုတ် နိုင်ငံ၏ ကျေးလက်ဒေသနှင့် လယ်ယာ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ခေတ်နှင့် လိုက်လျောညီထွေရှိသော ပြုပြင် ပြောင်းလဲမှု ဆိုင်ရာများနှင့် ကမ္ဘာ့စီးပွားရေး တိုးတက်မှုကို အထောက်အပံ့ ဖြစ်စေသော အတွေ့အကြုံများကို လေ့လာ မှတ်သားကြရမည်ဟု သိရသည်။

ယခုဖြစ်ပွားနေသော ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ခရီးသွားများ၏ အလေ့အထများမှာ လူနေ ထူထပ်ပြီး မွန်းကျပ်သော မြို့ပြနေရာများသို့ သွားရောက် လည်ပတ်ခြင်းအစား ဝေးလံ၍ သဘာဝအရသာကို ခံစားနိုင်သော ကျေးလက်ဒေသများသို့ သွားရောက် လည်ပတ်သည့် ပုံစံသို့ ပြောင်းလဲလာသည်ကို တွေ့ရှိရကြောင်း၊ ကျေးလက်ဒေသ ခရီးသွားလုပ်ငန်းသည် ဒေသတွင်း စီးပွားရေးနှင့် လူနေမှုဘဝပုံစံ ပြောင်းလဲခြင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုတို့အတွက် မောင်းနှင် အားတစ်ခုဖြစ်ပြီး နိုင်ငံ၏ GDP နှင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရန်အတွက် အထောက်အပံ့ တစ်ခုဖြစ်ကြောင်း၊ ဆွေးနွေးပွဲသို့ ပါဝင်တက်ရောက်ကြသော ကိုယ်စားလှယ်များ အနေဖြင့် ယခုဆွေးနွေးပွဲမှ ကျေးလက်ဒေသ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ နည်းဗျူဟာများ၊ အတွေ့အကြုံကောင်းများနှင့် နည်းလမ်းများအား ဂရုတစိုက်လေ့လာ မှတ်သား သွားကြရန်နှင့် မိမိတို့၏ အတွေ့အကြုံများနှင့် နှိုင်းယှဉ် ဖလှယ်ကာ ရလဒ်ကောင်းများ ဖော်ထုတ် ဆောင်ရွက်သွားကြရန် တိုက်တွန်း ပြောကြားသည်။

ယင်းနောက် ကျန့်ကျိုး အုပ်ချုပ်ရေးနှင့် စီးပွားရေးဆိုင်ရာဗျူရိုမှ အဆင့်မြင့် အရာရှိကြီးများက ဆွေးနွေးပွဲ ပြုလုပ်ရခြင်းနှင့် စပ်လျဉ်း၍ အမှာစကားပြောကြား ကြသည်။ ဆက်လက်၍ ဆွေးနွေး ပွဲသို့ တက်ရောက်လာကြသော နိုင်ငံအလိုက် ကိုယ်စားလှယ်များက မိတ်ဆက်ရှင်းလင်းတင်ပြ ကြပြီး ကျန့်ကျိုးသိပ္ပံနှင့် နည်းပညာ ကောလိပ်မှ ကျောင်းအုပ်ကြီးက ဆွေးနွေးပွဲနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကာ အွန်လိုင်းမှ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

ယခု ဆွေးနွေးပွဲအား ၂၁ ရက်ကြာ ကျင်းပသွားမည်ဖြစ်ပြီး ဖွံ့ဖြိုးဆဲ ၁၀ နိုင်ငံမှ ကိုယ်စားလှယ် ၇၀ ခန့် တက်ရောက်ကြမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်