Skip to main content

သစ်တောကဏ္ဍဆိုင်ရာအခြေအနေများကို ပိုမိုသိရှိနားလည်စေရေး လေ့လာသင်ယူမှတ်သား၍ ဌာနအကျိုး၊ နိုင်ငံအကျိုးကို သယ်ပိုးနိုင်သည့် ဝန်ထမ်းကောင်းများဖြစ်အောင် ကြိုးစား

နေပြည်တော် အောက်တိုဘာ ၁၂

သစ်တောများ ထာဝစဉ်တည်တံ့စေရန် စီမံအုပ်ချုပ်ခြင်း၊ ထိန်းသိမ်းကာကွယ်ခြင်းနှင့် ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်စေရေး လုပ်ငန်းများ ဖော်ဆောင်ရာတွင် မြို့နယ်အဆင့်သည် အခြေခံအကျဆုံးဖြစ်ပြီး ပြည်သူလူထုနှင့် တိုက်ရိုက်ထိတွေ့ ဆက်ဆံနေရခြင်းကြောင့် ဌာန၏ ရည်မှန်းချက်များ အောင်မြင်ရေးအတွက် အဓိကကျသည့် အဆင့်ဖြစ်ကြောင်း၊ မြို့နယ်အဆင့် ဦးစီးအရာရှိများအနေဖြင့် ဌာန၏လုပ်ငန်းရည်မှန်းချက် များကို အကောင်အထည် ဖော်ဆောင်ရွက်ကြရာတွင် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း များ၊ ညွှန်ကြားချက်များနှင့်အညီ အရည်အသွေးပြည့်မီ၍ စွမ်းဆောင်ရည်များ မြင့်မားလာ စေရန်နှင့် နိုင်ငံတော်နှင့် ပြည်သူတို့၏အကျိုးကို အထိရောက်ဆုံး ဖြည့်ဆည်းစွမ်းဆောင်နိုင်ရေးအတွက် ဤသင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက ပြောကြားသည်။

ယနေ့နံနက်ပိုင်းတွင် သစ်တောသုတေသနဌာန စုဝေးခန်းမ ရေဆင်း၌ ကျင်းပသည့် ဦးစီးအရာရှိ စွမ်းဆောင်ရည်မြင့်မားရေး မွမ်းမံသင်တန်း အမှတ်စဉ်(၁၀) ဖွင့်ပွဲအခမ်းအနားတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက ယင်းသို့ ပြောကြားခြင်းဖြစ်သည်။

ထို့ပြင် အမျိုးသားသစ်တောကဏ္ဍ နှစ် ၃၀ ပင်မစီမံကိန်းနှင့်အညီ ကြိုးဝိုင်း၊ ကြိုးပြင်ကာကွယ် တောများ၊ သဘာဝထိန်းသိမ်းရေး နယ်မြေများ တိုးချဲ့ဖွဲ့စည်းရေး၊ မြန်မာနိုင်ငံ သစ်တောများ ပြန်လည်တည်ထောင်ခြင်း စီမံကိန်းလုပ်ငန်းစီမံချက်ပါ လုပ်ငန်းများ အောင်မြင်စေရေးနှင့် လုပ်ငန်းခွင့်ပြု ရန်ပုံငွေများကိုလည်း ဘဏ္ဍာရေးစည်းမျဉ်း စည်းကမ်းများနှင့်အညီစနစ် တကျသုံးစွဲရေး၊ မြန်မာနိုင်ငံ သစ်တောဖုံးလွှမ်းမှု ပြန်လည်တိုးတက်လာစေရေး၊ ရေဝေရေလဲနှင့် ဒီရေတောများ ထိန်းသိမ်းကာကွယ်ရေး၊ တရားမဝင်သစ် တားဆီးကာကွယ်ရေး၊ ပုဂ္ဂလိက သစ်တောစိုက်ခင်း တည်ထောင်ခြင်းနှင့်ပတ်သက်၍ လုပ်ထုံးလုပ်နည်းများ၊ စည်းမျဉ်း စည်းကမ်းများနှင့်အညီ လိုက်နာဆောင်ရွက်စေရေး ကြပ်မတ်ဆောင်ရွက်ရန်နှင့် လက်ရှိဖြစ်ပေါ် နေသည့် သစ်တောကဏ္ဍဆိုင်ရာ အခြေအနေများကို ပိုမိုသိရှိနားလည်စေရေး လေ့လာသင်ယူ မှတ်သား၍ ဌာနအကျိုး၊ နိုင်ငံအကျိုးကို သယ်ပိုးနိုင်သည့် ဝန်ထမ်းကောင်းများဖြစ်အောင် ကြိုးစားသွားကြရန် ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

အခမ်းအနားသို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ပါမောက္ခချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် မြို့နယ်အဆင့် ဦးစီးအရာရှိ သင်တန်းသား ၂၀ တက်ရောက်ကြကြောင်း သိရသည်။

သတင်းစဉ်