Skip to main content

၂၀၂၂ ခုနှစ် (၁၄၈) နှစ်မြောက် ကမ္ဘာ့စာပို့တိုက်နေ့အခမ်းအနားကျင်းပ

ဒစ်ဂျစ်တယ်နည်းပညာနှင့် အိုင်စီတီနည်းပညာ ဖွံ့ဖြိုးတိုးတက်မှုများက ကမ္ဘာတစ်ဝန်းရှိ စာပို့တိုက်လုပ်ငန်းများအပေါ် အကျိုးသက်ရောက်မှုရှိ

နေပြည်တော် အောက်တိုဘာ ၁၂

“ယနေ့ကျင်းပသည့် အခမ်းအနားသည် ကမ္ဘာ့စာပို့တိုက်သမဂ္ဂ (Universal Postal Union-UPU) ၏ (၁၄၈) နှစ်ပြည့်အခမ်းအနား ဖြစ်ပါကြောင်း ကမ္ဘာ့စာပို့တိုက်သမဂ္ဂ (ယူပီယူ) တွင် အဖွဲ့ဝင် ၁၉၂ နိုင်ငံရှိပြီး ကမ္ဘာတစ်ဝန်းတွင် စာပို့တိုက်စခန်းပေါင်း ၆၀၀၀၀၀ ကျော်ကို ချိတ်ဆက်ပေးထားသည့် တစ်ခုတည်းသော ကမ္ဘာ့စာပို့တိုက် ကွန်ရက်အဖြစ် ရပ်တည် လျက်ရှိနေပါကြောင်း၊ ဒစ်ဂျစ်တယ် နည်းပညာနှင့် အိုင်စီတီနည်းပညာ ဖွံ့ဖြိုးတိုးတက်မှုများက ကမ္ဘာတစ်ဝန်းရှိ စာပို့တိုက်လုပ်ငန်းများအပေါ် အကျိုးသက်ရောက်မှုရှိကြောင်း ပို့ဆောင်ရေးနှင့် ဆကသွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းက ပြောကြားသည်။

၂၀၂၂ ခုနှစ် (၁၄၈) နှစ်မြောက် ကမ္ဘာ့စာပို့တိုက်နေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ရုံးအမှတ် (၂) ပြည် ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာတွင် ပြည်ထောင်စုဝန်ကြီးက ယင်းသို့ ပြောကြားခြင်းဖြစ်သည်။

အထူးထုတ်တံဆိပ်ခေါင်းများထုတ်ဝေ

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက အိုင်စီတီနှင့် ဒစ်ဂျစ်တယ်နည်းပညာများ၏ အကူအညီနှင့် သမားရိုးကျ စာပို့တိုက် ဝန်ဆောင်မှုလုပ်ငန်း (Traditi-onal Post) မှ ခေတ်မီစာပို့တိုက် ဝန်ဆောင်မှု (Postal Moderni-zation) ကို ပြောင်းလဲနိုင်ခဲ့ပြီး ထပ်ဆောင်းဝန်ဆောင်မှု (Value Added Services) ကို ဆောင်ရွက်ပေးနိုင်သည့်အတွက် စာပို့တိုက်လုပ်ငန်းများတွင် ဝင်ငွေများ တိုးတက်လာသည်ကို တွေ့ရပါကြောင်း၊ စက်မှုနည်းပညာ တိုးတက်ပြောင်းလဲလာမှုနှင့်အတူ သဘာဝဂေဟစနစ် ပျက်စီးလာမှုကို ကြုံတွေ့လာ၍ ယူပီယူမှ ယခုနှစ်တွင် ကမ္ဘာ့စာပို့တိုက်နေ့ ဆောင်ပုဒ်ကို Post for Planet “ကမ္ဘာမြေအတွက် စာပို့တိုက်” ဟု ရွေးချယ်ထားပြီး သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးကို အသိပေးဆောင်ရွက်နေသည်ကို ပြောကြားလိုပါကြောင်း၊ မိမိတို့ ဝန်ကြီးဌာနအောက်ရှိ မြန်မာ့စာတိုက်လုပ်ငန်းမှလည်း ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း၊ မွန်ပြည်နယ် များတွင် စာတိုက်များမှ စာပို့ / စာဝေချောလမ်းကြောင်းများကို E-Bikes များ သုံးစွဲ၍ ကာဗွန် ထုတ်လုပ်မှု လျော့နည်းရေးနှင့် လောင်စာဆီအသုံးပြုမှု လျှော့ချ နိုင်လာသည်ကို တွေ့မြင်ရမည် ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ စာတိုက်ဝန်ဆောင်မှုလုပ်ငန်းအား ခေတ်မီစာပို့တိုက် ဝန်ဆောင်မှုဖြင့် ပြုပြင်ပြောင်းလဲလာပြီး နိုင်ငံ၏ နေ့ထူး/နေ့မြတ်များနှင့် အထိမ်းအမှတ်များ အတွက် အထူးထုတ် တံဆိပ်ခေါင်းများ ထုတ်ဝေနိုင် ခဲ့ပြီဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ကမ္ဘာ့စာပို့တိုက်နေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနညွှန်ကြားရေးမှူးက ဆွစ်ဇာလန်နိုင်ငံအခြေစိုက် ကမ္ဘာ့ စာပို့တိုက် သမဂ္ဂဌာနချုပ် (UPU) ညွှန်ကြားရေးမှူးချုပ်ထံမှ ပေးပို့လာသည့် ၂၀၂၂ ခုနှစ် ကမ္ဘာ့စာပို့တိုက်နေ့သဝဏ်လွှာကို ဖတ်ကြားသည်။ ဆက်လက်၍ ကမ္ဘာ့စာပို့ တိုက်နေ့ အထိမ်းအမှတ် မှတ်တမ်း Video Clip ကို ပြသသည်။

ယင်းနောက် ကမ္ဘာ့စာပို့တိုက်နေ့အထိမ်းအမှတ် အခမ်းအနားတွင် (၅၁) ကြိမ်မြောက် အသက် (၁၅) နှစ်နှင့်အောက် နိုင်ငံတကာ လူငယ်များ ပေးစာရေးပြိုင်ပွဲ (ပြည်တွင်းအဆင့်) ၌ ပထမဆုရရှိသော နေပြည်တော် ပြည်ထောင်စုနယ်မြေ ဇမ္ဗူသီရိမြို့နယ်မှ မောင်မိုးထက်အောင်၊ (ဝဲပုံ) ဒုတိယဆုရရှိသော နေပြည်တော်ပြည်ထောင်စုနယ်မြေ ပျဉ်းမနားမြို့မှ မသက်မှူးခင်၊ တတိယဆုရရှိသော မကွေးတိုင်းဒေသကြီး မကွေးမြို့မှ မခင်ခင်ဦးသာနှင့် အထူးဆုရရှိသူ နှစ်ဦးတို့ကို ပြည်ထောင်စုဝန်ကြီးက ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်သည်။

ဆက်လက်၍ (၅၁) ကြိမ်မြောက် နိုင်ငံတကာလူငယ်များပေးစာရေးပြိုင်ပွဲ (ပြည်တွင်းအဆင့်) ဆုရရှိသူများကိုယ်စား ပထမဆုရှင် မောင်မိုးထက်အောင်က ကျေးဇူးတင်စကားပြန်လည် ပြောကြားသည်၊၊

ပြခန်း၊ ပြကွက်များ ကြည့်ရှုအားပေး

အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီးက အစည်းအဝေးသို့ တက်ရောက်လာသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ပြီး တာဝန်ရှိသူများ၊ ဆုရကျောင်းသား/ ကျောင်းသူများနှင့် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်သည်။ ထို့နောက် (၁၄၈) နှစ်မြောက်ကမ္ဘာ့ စာပို့တိုက်နေ့ အထိမ်းအမှတ် ပြခန်းတွင် မှတ်တမ်းဓာတ်ပုံများနှင့် ပြခန်း၊ ပြကွက်များကို ကြည့်ရှုအားပေး၍ လိုအပ်သည်များ မှာကြားသည်။

(၁၄၈) နှစ်မြောက် ကမ္ဘာ့စာပို့ တိုက်နေ့ အခမ်းအနားကို ကမ္ဘာအနှံ့ရှိ ကမ္ဘာ့စာပို့တိုက် သမဂ္ဂအဖွဲ့ ဝင်နိုင်ငံများက နိုင်ငံအလိုက် အသီးသီးကျင်းပခဲ့ကြောင်းနှင့် မြန်မာနိုင်ငံအနေဖြင့်လည်း ကမ္ဘာ့ စာပို့တိုက်နေ့အခမ်းအနားကို ၁၉၈၆ ခုနှစ်မှစ၍ နှစ်စဉ်ကျင်းပလာခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။

သတင်းစဉ်