Skip to main content

ပြည်ထောင်စုအကျိုးကိုရှေးရှု ထာဝရငြိမ်းချမ်းရေးဖော်ဆောင်

မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးပေါင်းစုံ စုစည်းနေထိုင်ကြသော ပြည်ထောင်စုနိုင်ငံ ဖြစ်သည်။ ပြည်ထောင်စုကြီးအတွင်း နှစ်ပေါင်းထောင်ချီ အေးအတူပူအမျှ အတူတကွ လက်တွဲနေထိုင်ခဲ့သော တိုင်းရင်းသား ညီအစ်ကို မောင်နှမများဖြစ်သည်။ မိသားစုအတွင်း ညီအစ်ကို မောင်နှမချင်းဖြစ်၍ ရံဖန်ရံခါ အခန့်မသင့်ဖြစ်မှု အချို့သာရှိပြီး ပြည်ထောင်စုကြီး အကျိုးစီးပွားကို အစဉ်ထာဝရ ရှေးရှုကာ လက်တွဲနေထိုင်လာခဲ့သောကြောင့် ပြည်ထောင်စုကြီး ယနေ့ထက်တိုင် တည်တံ့ခိုင်မြဲနေခြင်း ဖြစ်သည်။

ပြည်ထောင်စုကြီး အစဉ်ထာဝရ တည်တံ့ခိုင်မြဲနေစေရေး အတွက် တိုင်းရင်းသားအချင်းချင်း ချစ်ကြည်ရင်းနှီး လက်တွဲနေထိုင်နိုင်သည့် ပြည်ထောင်စုစိတ်ဓာတ် ထွန်းကားရေးကို သမိုင်းအဆက်ဆက် အလေးထား ဆောင်ရွက်လာခဲ့ ကြသည်။ သို့သော် မြန်မာနိုင်ငံ ကိုလိုနီလက်အောက် ကျရောက်ခဲ့စဉ်က သွေးခွဲအုပ်ချုပ်မှု စနစ်နှင့် လွတ်လပ်ရေး ကြိုးပမ်းစဉ်ကာလက သွေးခွဲမှုများကြောင့် တိုင်းရင်းသားအချင်းချင်း စိတ်ဝမ်းကွဲပြားခဲ့ရသည်။ ထို့နောက် လွတ်လပ်ရေးနှင့်အတူ ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခများ ပေါ်ပေါက်လာခဲ့ပြီး ပြည်တွင်း/ ပြည်ပ သွေးခွဲမှုများကြောင့် နှစ်ပေါင်း ၇၀ ကြာအောင် တိုင်းရင်းသားလက်နက်ကိုင် ပဋိပက္ခများ ဖြစ်ပေါ်လျက်ရှိသည်။

နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ လက်ထက်တွင် တိုင်းရင်းသားပြည်သူများ လိုလားသည့် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီ စုံဒီမိုကရေစီစနစ်ကို တရားမျှတမှုအပြည့် ကျင့်သုံးပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေး၊ တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိရေးအတွက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) အတိုင်း အလေးထား လုပ်ဆောင်ရေး နိုင်ငံရေးဦးတည်ချက် ချမှတ်ဆောင်ရွက်လျက် ရှိသည်။ ရှေ့လုပ်ငန်းစဉ်တွင်လည်း တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေး ရရှိရေးအတွက် (NCA) ပါ သဘောတူညီချက် အတိုင်း ဖြစ်နိုင်သမျှ အလေးထားလုပ်ဆောင်သွားမည်ဟု ချမှတ် အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသည်။

နိုင်ငံတော်အစိုးရသည် ၂၀၂၂ ခုနှစ်ကို ငြိမ်းချမ်းရေးနှစ်အဖြစ် သတ်မှတ်ကြေညာခဲ့ပြီး နိုင်ငံရေးအရ ဖြစ်ပေါ်နေသည့် သဘောထားကွဲလွဲမှုများကို မည်သည့် ကန့်သတ်ချက်မျှ မထားရှိဘဲ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ဖိတ်ခေါ်ဆွေးနွေး အဖြေရှာလျက်ရှိသည်။ ထာဝရငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေး အဖြေရှာရာတွင် လက်နက်ကိုင် ပဋိပက္ခများ၏ ဆိုးကျိုးများကို မလိုလားဘဲ တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိရမည်ဟူသည့် ခံယူချက်ထားရှိလျှင် ငြိမ်းချမ်းရေးနှင့် အလှမ်းမဝေးဟု ဆိုချင်သည်။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၏ တောင်းဆိုချက်များသည် မိမိဒေသနှင့် တိုင်းပြည်အတွက် အမှန်တကယ် လိုအပ်ပြီး ဖြစ်သင့်ဖြစ်ထိုက်သည်များကို ပွင့်ပွင့်လင်းလင်း အဖြေရှာသွားရမည် ဖြစ်သည်။ ပြည်ထောင်စုအကျိုးကိုရှေးရှု၍ အမြင်ကျယ်ကျယ်ဖြင့် ဆွေးနွေးသွားပါက လိုရာ ခရီးပန်းတိုင်သို့ ရောက်ရှိမည် ဖြစ်သည်။

ယခုအခါ ငြိမ်းချမ်းရေးကို လိုလားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် ဒုတိယအကြိမ်မြောက် ဆွေးနွေး ညှိနှိုင်းလျက်ရှိပြီး အလားအလာကောင်းများ ရရှိနေပြီ ဖြစ်သည်။ မိမိတို့ လိုလားချက်များကို ငြိမ်းချမ်းသောနည်းဖြင့် ဆွေးနွေး အဖြေရှာမှရနိုင်ပြီး လက်နက်ကိုင် လမ်းစဉ်ဖြင့် အဖြေရှာပါက မည်သည့်အခါမျှ မရနိုင်သည်ကို မြန်မာ့နိုင်ငံရေး သမိုင်းတွင် မြင်တွေ့နိုင်ပေသည်။ မြန်မာနိုင်ငံသည် ဒီမိုကရေစီစနစ်ကို ကျင့်သုံးနေသော နိုင်ငံဖြစ်၍ တိုင်းရင်းသားများ အနေဖြင့် မိမိတို့ ဒေသအခွင့်အရေးများကို တရားဥပဒေနှင့်အညီ တောင်းဆိုနိုင်ရေးအတွက် နိုင်ငံရေး စင်မြင့်လွှတ်တော်တွင် ပိုမိုပါဝင်နိုင်အောင် ကြိုးပမ်းရမည်ဖြစ်သည်။ နိုင်ငံရေးတွင် ပါဝင်ဆောင်ရွက်နိုင်ရန် ပါတီဖွဲ့စည်း ဆောင်ရွက်ရမည်ဖြစ်ပြီး ဖွဲ့စည်းခဲ့သည့် ပါတီများကိုကြည့်လျှင် နိုင်ငံရေးကို ကိုယ်စားပြု၊ ဒေသကို ကိုယ်စားပြု၊ တိုင်းရင်းသားကို ကိုယ်စားပြုကြသည်ကို တွေ့ရမည် ဖြစ်သည်။

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များသည် ငြိမ်းချမ်းရေးကို ရှေးရှုပြီး ဆွေးနွေးအဖြေရှာရာ၌ မိမိတို့၏ လိုလားချက်များကို နိုင်ငံရေးစင်မြင့်တွင် အဖြေရှာနိုင်ကြပြီ ဖြစ်သည်။ တိုင်းရင်းသားများကို ကိုယ်စားပြုသည့် အဖွဲ့အစည်းများ အနေဖြင့် မည်သည့်ခံယူချက်ဖြင့် နိုင်ငံရေးတွင် ပါဝင်ဆောင်ရွက်သည်ဖြစ်စေ အဓိကမှာ မိမိတို့တစ်ဖွဲ့၊ တစ်ပါတီအကျိုးကို ဦးစားမပေးဘဲ ပြည်ထောင်စုစိတ်ဓာတ်ဖြင့် ပြည်ထောင်စုအကျိုးကို ရှေးရှု ဆောင်ရွက်သွားမည်ဆိုပါက တိုင်းပြည်တည်ငြိမ် အေးချမ်းသာယာဝပြောပြီး တိုင်းရင်းသားပြည်သူအားလုံး လိုလားသည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီးကို တည်ဆောက်နိုင်မည် ဖြစ်သည်။

သို့ဖြစ်ရာ ပြည်ထောင်စုအကျိုးကို ရှေးရှုပြီး ထာဝရငြိမ်းချမ်းရေးကို ဖော်ဆောင်ကာ ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေး နိုင်ငံရေး မျှော်မှန်းချက်ကို မဖြစ်မနေ လက်တွဲ အကောင်အထည် ဖော်ကြပါရန် တိုက်တွန်းအပ်ပါကြောင်း။        ။