Skip to main content

ကြိုတင်သတိပေးထုတ်ပြန်ချက် ဆောလျင်ဆောင်ရွက် အားလုံးအတွက်

၂၁ ရာစု ဦးပိုင်းမှစတင်ကာ ကမ္ဘာတစ်ဝန်း၌ ရာသီဥတု ပြောင်းလဲမှုများ သိသိသာသာ များပြားလာခဲ့သည်။ ရာသီဥတုပြောင်းလဲမှုမှ ထွက်ပေါ်လာသည့် အကျိုးဆက်များမှာလည်း ကောင်းကျိုးထက် ဆိုးကျိုးကသာ အများစုဖြစ်ပြီး ကမ္ဘာ့နိုင်ငံ အတော်များများ ခံစားနေကြရခြင် းဖြစ်သည်။ မုန်တိုင်းတိုက်ခြင်း၊ ရေကြီးခြင်း၊ မြေပြိုခြင်း၊ အပူလှိုင်းကျရောက်ခြင်း၊ ငလျင်လှုပ်ခြင်း စသော သဘာဝ ဘေးအန္တရာယ်များမှာ ဖြစ်ပေါ်သည့်အကြိမ်ရေ ပိုမိုများပြားလာသလို ပိုမို၍လည်း ပြင်းထန်လာသည်။ သဘာဝဘေး အန္တရာယ်များ ကျရောက်မှုကို တားဆီး၍ မရနိုင်သော်လည်း အဆိုပါ ဘေးအန္တရာယ်ကြောင့် ဖြစ်ပေါ်လာနိုင်သည့် ထိခိုက် ဆုံးရှုံးမှုများ၊ ဘေးဒုက္ခများ လျော့ပါးသက်သာအောင်၊ နည်းနိုင် သမျှနည်းအောင် စီမံခန့်ခွဲမှုဆိုင်ရာ နည်းလမ်းများဖြင့် ဆောင်ရွက်နိုင်သည်။

သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အစီအစဉ်များ ရေးဆွဲဆောင်ရွက်ရာတွင် ဘေးအန္တရာယ်ထိခိုက်နိုင်ဖွယ် အခြေအနေတို့ကို လျှော့ချနိုင်ရေး၊ ဘေးအန္တရာယ် ကျရောက်ချိန်တွင် အထိရောက်ဆုံးနှင့် အလျင်မြန်ဆုံး ကူညီကယ်ဆယ်နိုင်ရေး၊ ဘေးအန္တရာယ် ကျရောက်ခဲ့သည့် ဒေသများကို အမြန်ဆုံးပြန်လည် ထူထောင်ရေး စသည့် ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်ကြခြင်း ဖြစ်သည်။ သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးမှု လျှော့ချရေးတွင် ကြိုတင်ပြင်ဆင်မှုအပိုင်းက အဓိကကျပြီး ပြည်သူလူထုအား အသိပညာပေးခြင်း၊ နယ်မြေဒေသ အလိုက် ဘေးအန္တရာယ်မှ ရှောင်ရှားနိုင်ရေး စီမံချက်များ ရေးဆွဲခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်း၊ ကြိုတင်သတိပေးစနစ်များ ထူထောင်ခြင်း၊ အရေးပေါ် ကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေးတို့အတွက် မိမိတို့တွင် ရှိသည့် အရင်းအမြစ်များကို မှန်ကန်ထိရောက်စွာ အသုံးပြု၍ အောင်မြင်စွာ ဆောင်ရွက်နိုင်ရန် လိုအပ်သည်။

မြန်မာနိုင်ငံသည် ပထဝီ အနေအထားအရ သဘာဝဘေး အန္တရာယ် ဖြစ်နိုင်ခြေမြင့်မားသည့် နိုင်ငံတစ်နိုင်ငံဖြစ်ပြီး နိုင်ငံတကာ စစ်တမ်းတစ်ခုအရလည်း သဘာဝဘေးအန္တရာယ် အများဆုံး ကြုံတွေ့ခဲ့ရသည့် နိုင်ငံများတွင် အဆင့်(၂)နေရာ၌ ရှိနေသည်။ မုတ်သုံရာသီဥတုနှင့် နိုင်ငံအတွင်းရှိ မြစ်ချောင်းများကြောင့် နှစ်စဉ်ရေကြီးရေလျှံမှု၊ တောင်ပြိုမြေပြိုမှု၊ ရုတ်တရက် ရေကြီးမှုနှင့် မုန်တိုင်းအန္တရာယ်များ၊ မြေလွှာပြတ်ရွေ့များကြောင့် ဖြစ်ပေါ်နိုင်သည့် မြေငလျင်အန္တရာယ်များ စသည်တို့အတွက် ကြိုတင်ပြင်ဆင်မှုတို့ လိုအပ်ပြီး ကြိုတင် သတိပေးချက်များကို အလေးထားရန်နှင့် ပြည်သူလူထုအတွင်း သဘာဝဘေးအန္တရာယ် ဆိုင်ရာ ဗဟုသုတတို့ သိရှိနားလည်ထားရန် တို့လည်း လိုအပ်သည်။

သဘာဝဘေးအန္တရာယ် ကြိုတင် ကာကွယ်နိုင်ရေးအတွက် အမျိုးသား သဘာဝဘေး ကာကွယ်စောင့်ရှောက်ရေးကော်မတီ၏ လမ်းညွှန်မှု၊ ပို့ဆောင်ရေးဝန်ကြီးဌာန၏ ကြီးကြပ်မှုတို့ဖြင့် မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာနက သဘာဝဘေးအန္တရာယ် အမျိုးမျိုးတို့ အတွက် ကြိုတင်သတိပေးချက်များ၊ ခန့်မှန်းချက်များ၊ သတင်းထုတ်ပြန်ချက်များကို အချိန်နှင့် တစ်ပြေးညီ ထုတ်ပြန်ပေးလျက် ရှိသည်။ သတိပေးချက်၊ ခန့်မှန်းချက်များကို အလိုအလျောက် ဖြေကြားသည့်စနစ်၊ သတင်းတိုနှင့် ပေးပို့သည့်စနစ်တို့ကို ထူထောင်ထားပြီး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။ ဘက်စုံသဘာဝဘေး ကြိုတင်သတိပေးဗဟိုဌာနကို နေပြည်တော်တွင် ထူထောင်ထားပြီး ၂၄ နာရီအချိန်ပြည့် ဆောင်ရွက်လျက်ရှိရာ ကြိုတင်သတိပေးချက်များကို အလေး ဂရုပြုနိုင်ရန် လိုအပ်သည်။

သဘာဝ ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေကို လျှော့ချရာတွင် ကြိုတင်သတိပေးစနစ်နှင့် ကြိုတင်ပြင်ဆင်မှုများက အထူးပင် အရေးပါလှသည့် အလျောက် ကြိုတင် သတိပေးချက်များကို အလေးအနက်ဂရုပြုကာ ဘေးအန္တရာယ်မှ ကြိုတင်ပြင်ဆင် ရှောင်ရှားကြခြင်းအားဖြင့် အသက်အိုးအိမ် စည်းစိမ်ဥစ္စာတို့ ထိခိုက်ဆုံးရှုံးမှုများ လျော့ပါးသက်သာမည် ဖြစ်ပါကြောင်း။ ။