Skip to main content

PDF အမည်ခံအကြမ်းဖက်သမားများ၏ အကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဆေးရုံတက်ရောက် ကုသမှု ခံယူနေသူများအား သွားရောက်ကြည့်ရှုအားပေး

နေပြည်တော် အောက်တိုဘာ ၁၂

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ကျိုက်ထီးရိုး ဆံတော်ရှင် မြတ်စွာဘုရား၊ ကင်းမွန်းချောင် တောင်တက်ကားဂိတ်အား ယနေ့နံနက်ပိုင်းတွင် KNLA တပ်မဟာ (၁) နှင့် NUG ၊ CRPH တို့၏ လက်ဝေခံ PDF အမည်ခံအကြမ်းဖက်သမားများက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အကြောင်းမဲ့လာရောက်ပစ်ခတ်ခဲ့ခြင်းကြောင့် ဘုရားဖူးပြည်သူ ၃ ဦးသေဆုံးကာ ၁၉ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။

အဆိုပါထိခိုက်ဒဏ်ရာ ရရှိခဲ့သူများအား နယ်မြေခံတပ်မတော်သားများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် လူမှုရေးအသင်းအဖွဲ့များက ကျိုက်ထိုမြို့၊ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။ ရရှိဒဏ်ရာများကြောင့် ဆေးရုံတက်ရောက်ကုသမှု ခံယူလျက်ရှိသည့် ဘုရားဖူး ပြည်သူများအား ယနေ့မွန်းလွဲပိုင်းတွင် မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မြတ်သက်ဦးနှင့် တာဝန်ရှိသူများက သွားရောက် ကြည့်ရှုအားပေးစကားများ ပြောကြားပြီး ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။