နေပြည်တော် အောက်တိုဘာ ၁၂
မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုအဖွဲ့ အစည်းအဝေး (၁/၂၀၂၂) ကို ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ မြန်မာ အထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုအဖွဲ့ဥက္ကဋ္ဌ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက် အမှာစကားပြောကြားသည်။
အစည်းအဝေးသို့ ဗဟိုအဖွဲ့ဝင်များ ဖြစ်ကြသည့် ပြည်ထောင်စု ဝန်ကြီးများ၊ ဒုတိယ ဝန်ကြီးများ၊ သီလဝါ၊ ကျောက်ဖြူနှင့် ထားဝယ်အထူးစီးပွားရေးဇုန်တို့မှ စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌများ၊ အမြဲတမ်း အတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ တက်ရောက်ကြပြီး ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ရခိုင်ပြည်နယ် စီးပွားရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများက ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က အမှာစကား ပြောကြားရာတွင် မိမိတို့နိုင်ငံ အပါအဝင် နိုင်ငံတကာရှိ အထူးစီးပွားရေးဇုန်များသည် ရင်းနှီး မြှုပ်နှံမှုများ ဆွဲဆောင်နိုင်ခြင်း၊ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးခြင်း၊ ပို့ကုန် ပိုမိုတိုးမြှင့် တင်ပို့နိုင်ခြင်း၊ စီးပွားရေးကို ပိုမိုကျယ်ပြန့်လာအောင် ချိတ်ဆက်ပေးနိုင်ခြင်း၊ ကမ္ဘာ့တန်ဖိုး ကွင်းဆက်ကို အထောက်အကူ ပြုစေခြင်းနှင့် စက်မှုကုန်ထုတ် လုပ်ငန်းများ ပိုမိုဖွံ့ဖြိုး တိုးတက်လာကာ ထုတ်ကုန် အမျိုးအစားများစွာ ထုတ်လုပ်လာနိုင်ခြင်း စသည့်နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို ဖြစ်ထွန်းလာစေရန်အတွက် ရည်ရွယ်ပြီး ထူထောင်ကြပါကြောင်း။
၂၀၁၉ ခုနှစ် စာရင်းများအရ နိုင်ငံ ၁၄၇ နိုင်ငံတွင် အထူးစီးပွားရေးဇုန် ၅၄၀၀ ခန့်ရှိပြီး၊ ဇုန်အသစ် ၅၀၀ ကျော်ကိုလည်း တည်ဆောက်အကောင်အထည်ဖော်လျက် ရှိကြကြောင်း၊ အထူးစီးပွားရေးဇုန်များသည် စက်မှုဆိုင်ရာ မူဝါဒများ၏ ဖြစ်ပေါ်တိုးတက်မှု အသစ်များဖြစ်ပြီး၊ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများကို ပိုမို ဆွဲဆောင်နိုင်ကြောင်း။
ဖွံ့ဖြိုးပြီးနှင့် ဖွံ့ဖြိုးဆဲ နိုင်ငံများ၏ အထူးစီးပွားရေးဇုန်များတွင် အခြေခံအားဖြင့် ကုန်သွယ်မှု လုပ်ငန်းများအတွက် လွယ်ကူ ချောမွေ့စေရန် ပံ့ပိုးပေးမှုကို အလေးထား ဆောင်ရွက်လျက် ရှိကြောင်း၊ ထိုမှတစ်ဆင့် အသေးစား၊ အငယ်စားနှင့်အလတ်စား ကုန်ထုတ်လုပ်ငန်းများကို ပိုမိုခေတ်မီပြီး တီထွင်ဆန်းသစ်သော စက်မှုလုပ်ငန်းများအဖြစ်သို့ တိုးမြှင့် ဆောင်ရွက်လာကြကြောင်း၊ ထို့နောက် လုပ်ငန်းများကို ကုန်ထုတ်လုပ်ငန်းများအပြင် ဝန်ဆောင်မှုများပါဝင်သည့် Integrated Zones အဖြစ် ပြောင်းလဲဖန်တီး လာကြသည်ကိုတွေ့ရမည်ဖြစ်ကြောင်း၊ အဆိုပါအခြေအနေသည် ယနေ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီက အားပေးမြှင့်တင် ဆောင်ရွက်နေသည့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်မှုအတွက်လည် းများစွာ အထောက်အကူ ပြုမှာဖြစ်ကြောင်း။
မိမိတို့နိုင်ငံတွင် ၂၀၁၁ ခုနှစ် အထူးစီးပွားရေးဇုန် ဥပဒေကို ၂၀၁၄ ခုနှစ်တွင် အသစ်ပြင်ဆင် ပြဌာန်းခဲ့ပြီး၊ မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ နည်းဥပဒေကို ၂၀၁၅ ခုနှစ်တွင် ပြဌာန်းနိုင်ခဲ့ကြောင်း၊ အဆိုပါ နည်းဥပဒေအရ ဗဟိုအဖွဲ့၏အစည်းအဝေးကို တစ်နှစ်လျှင် နှစ်ကြိမ်ကျင်းပရမည်ဖြစ်သဖြင့် ၂၀၂၂ ခုနှစ်အတွက် ပထမအကြိမ် အစည်းအဝေးကို ယခုကဲ့သို့ကျင်းပရခြင်း ဖြစ်ကြောင်း။
ဥပဒေ၏ ပုဒ်မ ၆ တွင် ဗဟိုအဖွဲ့၏ လုပ်ငန်း တာဝန်များကို ပြဌာန်းထားပြီး၊ အဓိကအနေဖြင့် “အထူးစီးပွားရေးဇုန် ဖွံ့ဖြိုး တိုးတက်ရေးနှင့် စီမံခန့်ခွဲရေး တို့အတွက် စီမံကိန်းနှင့် အစီအစဉ်များ ချမှတ်ခြင်း၊ အကောင်အထည် ဖော်ခြင်းနှင့် စောင့်ကြ ည့်ကြပ်မတ်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်များနှင့်မူဘောင်များသတ်မှတ်ခြင်း၊” “စီမံခန့်ခွဲမှု ကော်မတီများ၏ လုပ်ငန်းများကို ကြီးကြပ်ကွပ်ကဲခြင်း၊ အခါအားလျော်စွာစစ်ဆေးခြင်းနှင့် သက်ဆိုင်ရာ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများနှင့် ဆက်သွယ်ညှိနှိုင်းပေးခြင်း” တို့ကို ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ယနေ့အစည်းအဝေးတွင် သက်ဆိုင်ရာဇုန်များ ဆောင်ရွက်နေသည့် လုပ်ငန်းများနှင့် စပ်လျဉ်း၍ လိုအပ်သည်များ ပံ့ပိုးဆောင်ရွက်ပေးနိုင်ရန် ညှိနှိုင်းဆွေး နွေးကြစေလိုကြောင်း။
မြန်မာနိုင်ငံတွင် အထူးစီးပွားရေးဇုန်(၃)ခုကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး၊ သီလဝါ အထူးစီးပွားရေးဇုန်ကို ဂျပန်နိုင်ငံနှင့်လည်းကောင်း၊ ကျောက်ဖြူအထူး စီးပွားရေးဇုန်ကို တရုတ်နိုင်ငံနှင့် လည်းကောင်း၊ ထားဝယ် အထူးစီးပွားရေးဇုန်ကို ထိုင်းနိုင်ငံနှင့်လည်းကောင်း ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်း၊ နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်သည့်အခါ မိမိနိုင်ငံ၏ အကျိုးစီးပွားကိုသာ အဓိကထားရမည် ဖြစ်သကဲ့သို့ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုကိုလည်း အလေးထားကြရမည် ဖြစ်ကြောင်း။
အထူးစီးပွားရေးဇုန် (၃) ခုရှိသည့်အနက် သီလဝါ အထူးစီးပွားရေးဇုန်သည် လုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်လျက်ရှိသော ဇုန်တစ်ခုဖြစ်သည့်အတွက် စံပြဇုန်အဖြစ် ရပ်တည်နေသည့်ဇုန်လည်းဖြစ်ကြောင်း၊ သီလဝါ အထူးစီးပွားရေးဇုန်တွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများ စနစ်တကျ ဆက်လက်ရင်းနှီး မြှုပ်နှံနိုင်ရန်၊ လုပ်ငန်းကုမ္ပဏီ အသစ်များနှင့် ရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာရန်နှင့် လက်ရှိ ရင်းနှီးမြှုပ်နှံသူများ အတွက် လုပ်ငန်းများ ချောမွေ့စွာ လည်ပတ်နိုင်ရန် သက်ဆိုင်သည့် ဝန်ကြီးဌာနများက ပူးပေါင်း ဆောင်ရွက်ပေးကြရမည် ဖြစ်ကြောင်း။
နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အနေဖြင့် စီးပွားရေး ဦးတည်ချက်(၃)ရပ်အနက် ဈေးကွက် စီးပွားရေးစနစ် တည်ငြိမ်အောင် ဖော်ဆောင်ပြီး နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်၍ တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရေးသည် အရေးကြီးသည့် ဦးတည်ချက်တစ်ခု ဖြစ်ကြောင်း။
ထိုရည်မှန်းချက် အောင်မြင်အောင် အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၏ လုပ်ထုံးလုပ်နည်း SOP များကို လက်တွေ့ကျကျ လုပ်ကိုင်နိုင်ရန်နှင့် နိုင်ငံတကာ လုပ်ထုံး လုပ်နည်းများနှင့်အညီ ဇုန်များတွင် ကောင်းမွန်သည့် ဝန်ဆောင်မှုများ ပေးရန်လိုအပ်ကြောင်း၊ သို့မှသာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ထပ်မံ ဝင်ရောက်လာရန် ဖိတ်ခေါ်နိုင်မည်ဖြစ်ပြီး စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း။ အထူးစီးပွားရေးဇုန်များကို ကောင်းမွန်စွာဦးဆောင်နိုင်ရန် စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များကို ပြန်လည်ဖွဲ့စည်းပေးခဲ့ပြီး ဖြစ်သည့်အတွက် လက်ရှိ အခြေအနေထက် ပိုမိုတိုးတက်လာစေရန် ပို့ကုန် တိုးမြှင့်နိုင်စေရေး စီးပွားရေးဇုန်များတွင် ရှိသည့် One Stop Service Center များကို စနစ်တကျ ဖွဲ့စည်းပြီး ထိရောက်သည့် ဝန်ဆောင်မှုများ ပေးနိုင်ရန်လိုကြောင်း။
သီလဝါ အထူးစီးပွားရေးဇုန်တွင် ရင်းနှီးမြှုပ်နှံမှု ဆောင်ရွက်နေသည့် ကုမ္ပဏီများ အရှိန်အဟုန် မပျက်ဆောင်ရွက်နိုင်ရေး၊ ရင်းနှီးမြုပ်နှံမှုများ ပိုမိုတိုးချဲ့ဆောင်ရွက်စေရေးနှင့် ရင်းနှီးမြှုပ်နှံမှု အသစ်များ ဝင်ရောက်လာရေးအတွက် စီမံခန့်ခွဲမှုကော်မတီမှ လိုအပ်သည်များ ပံ့ပိုး ဆောင်ရွက်သွားစေလိုကြောင်း။
ကျောက်ဖြူ အထူးစီးပွားရေးဇုန်နှင့်ပတ်သက်၍ ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာ ၈ ရက်တွင် ရေနက်ဆိပ်ကမ်း စီမံကိန်း၏ မူဘောင်သဘောတူညီချက်ရေးထိုးနိုင်ခဲ့ပြီး၊ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီတွင် Shareholder Agreement နှင့်နိုဝင်ဘာတွင် Concession Agreement ကို နှစ်ဖက်သဘောတူ လက်မှတ်ရေးထိုးခဲ့ပြီး ဖြစ်ကြောင်း၊ ယခင်က နှစ်နိုင်ငံအကြား လက်မှတ်ရေးထိုးခဲ့သည့် စာချုပ်များနှင့်ပတ်သက်၍ နိုင်ငံရေး အကဲဆတ်မှုကို သတိပြုကာ တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန် ညှိနှိုင်းမှုများဖြင့် Win Win Situation ဖြစ်အောင် ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း။
ကျောက်ဖြူ အထူးစီးပွားရေးဇုန်တွင် ရေနက်ဆိပ်ကမ်း စီမံကိန်းသည် အရေးပါသကဲ့သို့ ဒေသခံများနှင့် နိုင်ငံတော်အတွက် အကျိုးများစွာ ဖြစ်ထွန်းနိုင်သည်ဖြစ်၍ အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း၊ ရေနက်ဆိပ်ကမ်းစီမံကိန်း အောင်မြင်စွာ ဆောင်ရွက်နိုင်ခြင်းဖြင့် မြန်မာ-တရုတ် စီးပွားရေးစင်္ကြန် ပူးပေါင်းဆောင်ရွက်မှု စီမံကိန်းကိုပါ ပါဝင်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်စေနိုင်မည် ဖြစ်ကြောင်း၊ ကျောက်ဖြူ အထူးစီးပွားရေးဇုန်စီမံကိန်းသည် တရုတ်နိုင်ငံ၏ (Belt & Road) စီမံကိန်းနှင့် များစွာ ဆက်စပ်မှု ရှိနေသည့်အတွက် နှစ်နိုင်ငံ အကျိုးပြုမှုများရရှိပြီး ဒေသတွင်းဖွံ့ဖြိုးတိုးတက်မှုကိုပါ ရရှိစေမည် ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဒေသခံများကို ကျွမ်းကျင်သင်တန်းများပေးခြင်းနှင့် စပ်လျဉ်း၍ စီမံကိန်း အကောင်အထည် ဖော်သည့်အချိန်တွင် စက်ရုံများ၏ လိုအပ်ချက်နှင့် ကိုက်ညီသည့် သင်တန်းများ ဖြစ်ရန်လိုကြောင်း။
ထားဝယ် အထူးစီးပွားရေးဇုန်ကို ၂၀၀၈ ခုနှစ်ကတည်းက အကောင်အထည် ဖော်ခဲ့သော်လည်း သိသာထင်ရှားသည့် တိုးတက်မှုများမရှိခဲ့သည်ကို တွေ့ရကြောင်း၊ ယခင်က ရင်းနှီးတည်ဆောက်သူအဖြစ် ရွေးချယ် တာဝန်ပေးအပ်ခဲ့သည့် အီတာလျံ-ထိုင်း ကုမ္ပဏီကို Termination ပြုလုပ်ထားပြီး ဖြစ်သည့်အတွက် ရင်းနှီးတည်ဆောက်သူ အသစ်ထပ်မံ ဖိတ်ခေါ်နိုင်ရေး နိုင်ငံတကာ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း။
အထူးစီးပွားရေးဇုန်များ မြန်မြန်ဆန်ဆန် ဖွံ့ဖြိုးတိုးတက်လာမှသာ နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်သကဲ့သို့ ဒေသခံပြည်သူများအတွက် အလုပ်အကိုင် အခွင့်အလမ်းများနှင့် လူနေမှု အဆင့်အတန်းများ ဖွံ့ဖြိုးတိုးတက် ရရှိလာမည် ဖြစ်ကြောင်း၊ ထို့ကြောင့် အထူးစီးပွားရေးဇုန်များ အောင်မြင်တိုးတက်စေရန် ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ ကြိုးပမ်း ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ဗဟိုအဖွဲ့ အတွင်းရေးမှူး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက မြန်မာအထူးစီးပွားရေးဇုန်များနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် သီလဝါအထူးစီးပွားရေးဇုန်၊ ကျောက်ဖြူအထူးစီးပွားရေးဇုန်နှင့် ထားဝယ် အထူးစီးပွားရေးဇုန်များမှ စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌများက မြန်မာအထူးစီးပွား ရေးဇုန်ဆိုင်ရာ ဗဟိုအဖွဲ့အစည်းအဝေးသို့ တင်ပြသည့် အမှာစာများကို ဖတ်ကြား တင်ပြကြပြီး အတည်ပြုချက် ရယူကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ဦးဝင်းရှိန်၊ ဒေါက်တာကံဇော်၊ ဦးကိုကိုလှိုင်၊ ဒေါက်တာသီတာဦး၊ ဦးတင်ထွဋ်ဦး၊ ဦးခင်မောင်ရီ၊ ဒေါက်တာချာလီသန်း၊ ဒေါက်တာပွင့်ဆန်းနှင့် ဦးရွှေလေး၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်များဖြစ်ကြသည့် ဦးစိုးသိန်းနှင့် ဦးမြတ်ကို၊ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ၊ ရခိုင်ပြည်နယ် စီးပွားရေးရာဝန်ကြီးတို့က အထူးစီးပွားရေးဇုန်များအလိုက် လုပ်ငန်းဆောင်ရွက်နေမှုဆိုင်ရာ ကိစ္စများနှင့်ပတ်သက်၍ သက်ဆိုင်ရာကဏ္ဍများအလိုက် ဆွေးနွေး တင်ပြကြသည်။
ယင်းနောက် ဗဟိုအဖွဲ့ တွဲဖက်အတွင်းရေးမှူး ဒုတိယဝန်ကြီး ဦးညွန့်အောင်က မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုအဖွဲ့အစည်းအဝေး (၁/၂၀၂၂) ဆုံးဖြတ်ချက် မူကြမ်းကို ဖတ်ကြားတင်ပြ အတည်ပြုချက် ရယူသည်။
ထို့နောက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က ရှင်းလင်းဆွေးနွေး တင်ပြချက်များနှင့် စပ်လျဉ်း၍ လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပြီး နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။