နေပြည်တော် အောက်တိုဘာ ၁၁
မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီ အစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ကျင်းပရာ မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီနာယက သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ တက်ရောက်၍ အမှာစကားပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသူများက ၂၀၂၂ ခုနှစ် နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲတွင် ခင်းကျင်းပြသရောင်းချမည့် ကျောက်စိမ်းအတွဲများနှင့် ကျောက်မျက်အတွဲများ၊ ပုလဲအတွဲများ အတွဲဖွဲ့စည်းထားမှုနှင့် ရောင်းချမည့်အစီအစဉ်၊ ပြပွဲတက်ရောက်မည့် ပြည်တွင်း/ပြည်ပ ရတနာကုန်သည်များ၏ တည်းခိုနေထိုင်ရေး စီစဉ်ဆောင်ရွက်ထားမှုနှင့် ပြပွဲတွင်တင်ပြရောင်းချမည့် ကျောက်စိမ်းအတွဲများနှင့် ကျောက်မျက်အတွဲများ၊ ပုလဲအတွဲများအတွက် ငွေပေးချေမှုတို့နှင့်ပတ်သက်၍ ဝိုင်းဝန်းညှိနှိုင်း ဆွေးနွေးကြသည်။
အစည်းအဝေးသို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
သတင်းစဉ်