Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်အေးနုစိန် ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် ပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲတက်ရောက်

စစ်တွေ အောက်တိုဘာ ၁၁

ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော ပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့ လောကာနန္ဒာစေတီတော် လိုဏ်ဂူတော်အတွင်း၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်အေးနုစိန်၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦး၊ ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ဝါဝါထွန်း၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များ၊ တပ်မတော် အရာရှိကြီးများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။

အရုဏ်ဆွမ်းဆက်ကပ်

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်အေးနုစိန်၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းနှင့် တာဝန်ရှိသူများက ပြည်နယ်ဩဝါဒါစရိယ စစ်တွေမြို့ နန္ဒာရာမ ပရိယတ္တိစာသင်တိုက် ဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တနန္ဒသိရီ အမှူးပြုသော သံဃာတော် အရှင်သူမြတ်များအား အရုဏ်ဆွမ်းဆက်ကပ် လှူဒါန်းကြသည်။

ထို့နောက် ပဋ္ဌာန်းရွတ်ဖတ ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားကို သံဃာတော်အရှင်သူမြတ်များ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် အမှူးပြုသော ဧည့်ပရိသတ်များက နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ကြပြီး ဆရာတော် ဘဒ္ဒန္တနန္ဒသိရီထံမှ ဧည့်ပရိသတ်များက ငါးပါးသီခံယူ ဆောက်တည်ကြသည်။

ရွတ်ဖတ်ပူဇော်

ယင်းနောက် ပြည်နယ်ဩဝါဒါစရိယ စစ်တွေမြို့ ဓမ္မသုခကျောင်းတိုက် ဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ အဂ္ဂမဟာဂန္ထ ဝါစကပဏ္ဍိတ ဘဒ္ဒန္တသောမ မဟာထေရ်မြတ်က ပရိတ်ပဋ္ဌာန်း ဒေသနာတော်နှင့် ပတ်သက်၍ ဩဝါဒကထာ ချီးမြှင့်တော်မူပြီး စစ်တွေမြို့နယ် သံဃနာယကအဖွဲ့ တွဲဖက်အကျိုးတော်ဆောင် ဒက္ခိဏာရာမကျောင်းတိုက် ပဓာနနာယကဆရာတော် မဟဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တမေဃိယက ရောင်ခြည်တော်ဖွင့် ဂါထာတော် ဖြင့် ဘုရားရှင်အား ပင့်လျှောက် သည်။ ဆက်လက်၍ လောက နန္ဒာစေတီတော် ဂေါပကအဖွဲ ဥက္ကဋ္ဌ ဦးမောင်သိန်းခိုင်က ပဋ္ဌာန်းတရားတော် နာကြားရန် နတ်ဗြဟ္မာများကို ဖိတ်ကြားပြီး ဒက္ခိဏာရာမကျောင်းတိုက် စာချဆရာတော် ဘဒ္ဒန္တတေဇသီရိက ပဋ္ဌာန်းအမွှမ်း ဂါထာတော်ဖြင့် ရွတ်ဖတ်ပူဇော်ကြသည်။

ဆက်လက်၍ ပြည်နယ်ဩဝါဒါစရိယ ဆရာတော်ကြီးများက ဦးဆောင်ကာ ဘာဏက သံဃာတော်များ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့် ဧည့်ပရိသတ်များက မြတ်ပဋ္ဌာန်း ဒေသနာတော်မြတ်အား စတင်ဖွင့်လှစ် ပူဇော်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်