Skip to main content

မြန်မာ့ရိုးရာယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းမြှင့်တင်ပေးမှုကိုကြိုဆို

၂၀၂၂ ခုနှစ် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ဗဟိုအဆင့်ပြိုင်ပွဲကြီး စတင်ကျင်းပနေပြီဖြစ်သည်။ ယခုနှစ်ကျင်းပသည့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားရေးနှင့် ယဉ်ကျေးမှုအမွေအနှစ်များ၊ အမျိုးသားရေးလက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေး ရည်ရွယ်ချက်ဖြင့် နေပြည်တော်တွင် အောက်တိုဘာလ ၁၁ ရက်နေ့မှ ၁၈ ရက်နေ့အထိ ကျင်းပမည်ဖြစ်သည်။

ပြိုင်ပွဲကြီးကို တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အနုပညာအမွေအနှစ်များ၊ အမျိုးသားယဉ်ကျေးမှု စရိုက်လက္ခဏာများ မပျောက်ပျက်စေရန် ဖော်ထုတ်၊ ထိန်းသိမ်း၊ မြှင့်တင်ရေးနှင့် အမိမြန်မာနိုင်ငံတော်ကို ချစ်မြတ်နိုးသည့်စိတ်ဓာတ် ပိုမိုထွန်းကားစေရန် ရိုးရာယဉ်ကျေးမှု အနုပညာရပ်များကို ဖော်ထုတ်ထိန်းသိမ်းပြီး မျိုးဆက်သစ်လူငယ်များအား လက်ဆင့်ကမ်းပေးနိုင်ရေး ဦးတည်ချက်ဖြင့် ဆင်နွှဲနေပြီဖြစ်သည်။ ထို့အပြင် မြန်မာနိုင်ငံတွင် အဓိကလိုအပ်လျက်ရှိသော ထာဝရငြိမ်းချမ်းရေးကို ဖော်ဆောင်ရာတွင် ယဉ်ကျေးမှုကဏ္ဍမှ အထောက်အကူပြုနိုင်ရေးကို ရည်မှန်းဆောင်ရွက်လျက်ရှိသည်။

မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးတွင် ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၄ ခုမှ မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် ဆန်ခါတင်ရွေးချယ်ထားသော အနုသုခုမပညာရှင်များ၊ မျိုးဆက်သစ်ပြိုင်ပွဲဝင်များနှင့် နည်းပြ၊ ကြီးကြပ်၊ အုပ်ချုပ်သူများ အစုံအလင်ဖြင့် ဗဟိုအဆင့်ပြိုင်ပွဲကျင်းပရာ နေပြည်တော်တွင် ပါဝင်ယှဉ်ပြိုင်နေကြပြီဖြစ်သည်။ ပြည်နယ်နှင့်တိုင်းဒေသကြီး အသီးသီးမှ မြန်မာ့အနုသုခုမပညာရပ်များကို တန်ဖိုးထားသော ပြိုင်ပွဲဝင်များအား ပြိုင်ပွဲကျင်းပရေး ဗဟိုကော်မတီနှင့် သက်ဆိုင်ရာ လုပ်ငန်းကော်မတီအသီးသီးတို့က လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိသည်။

ယခုကဲ့သို့ သီတင်းကျွတ်ကာလ ပွင့်လင်းရာသီတွင် မြန်မာတို့၏ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းစဉ်လာများကို ပြည်ထောင်စုတစ်ဝန်းမှ မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့် ဓလေ့ထုံးတမ်းစဉ်လာများကို မြတ်နိုးတန်ဖိုးထား လေ့လာလိုက်စားကြသော အနုသုခုမပညာရှင်များ၊ ဝါသနာရှင်များက ရွှင်လန်းတက်ကြွစွာဖြင့် ပါဝင်ဆင်နွှဲ ပြိုင်ပွဲဝင်ကြသည်မှာ ဝမ်းမြောက်ဖွယ်ဖြစ်သည်။ အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲအသီးသီး ဆင်နွှဲကြသည်ကို နေပြည်တော်မှ ပြည်သူများက ကြည့်ရှုအားပေးကြသလို နိုင်ငံတစ်ဝန်းမှ သက်ဆိုင်ရာအဖွဲ့များကို ကိုယ်စားပြုသည့် ဒေသများနှင့် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အနုပညာရပ်များအား မြတ်နိုးတန်ဖိုးထားသူများ၊ စိတ်ဝင်စားသော ပြည်သူများက တိုက်ရိုက်ထုတ်လွှင့်ပြသမှုများကို ကြည့်ရှုအားပေးနိုင်ပေသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လူမှုရေးဦးတည်ချက်တွင် စစ်မှန်သော မျိုးချစ်စိတ်ဓာတ်ဖြစ်သည့် ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်ထက်မြက်ရေး၊ တိုင်းရင်းသား လူမျိုးအပေါင်းတို့၏ ဓလေ့ထုံးတမ်း အစဉ်အလာများကို လေးစားလိုက်နာပြီး အမျိုးသားယဉ်ကျေးမှု စရိုက်လက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေး ဦးတည်ချက်ချမှတ်ထားရာ ယခုကျင်းပသော မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးသည် အဆိုပါဦးတည်ချက်ကို လေးနက်စွာ အကောင်အထည်ဖော်သည့် သဘောရှိပါသည်။ မြန်မာနိုင်ငံသည် တိုင်းရင်းသား လူမျိုးပေါင်းစုံ စုပေါင်းနေထိုင်ရာ ပြည်ထောင်စုကြီးဖြစ်ပြီး ပြည်ထောင်စုသားအားလုံး ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်ထက်မြက်နေစေရန် လိုအပ်ပါသည်။

စစ်မှန်သော မျိုးချစ်စိတ်ဓာတ်ဖြစ်သည့် ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်ထက်မြက်နေရေးအတွက် တိုင်းရင်းသားပြည်သူများအားလုံး ချစ်ခင်ရင်းနှီးစည်းလုံး ညီညွတ်မှုရှိရန်လိုအပ်သည်။ တိုင်းရင်းသားလူမျိုးအသီးသီးတွင် ကိုယ်ပိုင်ယဉ်ကျေးမှု၊ ကိုယ်ပိုင်ထုံးတမ်းစဉ်လာ အနုပညာရပ်များရှိသည်။ ဒေသအလိုက် မတူကွဲပြားသည့် ယဉ်ကျေးမှုအနုပညာရပ်များသည် စိတ်ဝင်စားဖွယ်ဖြစ်သည်။ ယင်းတို့သည် အမျိုးသားယဉ်ကျေးမှု စရိုက်လက္ခဏာများဖြစ်သည်။ နှစ်ပေါင်းထောင်ချီ တည်တံ့ခိုင်မြဲခဲ့သော အမျိုးသားရေး စရိုက်လက္ခဏာအသီးသီးတို့သည် ခေတ်မီတိုးတက် ပြောင်းလဲဖြစ်ထွန်းလာမှုများကြားတွင် တိမ်မြုပ်လာသည့် သဘောရှိလာသည်။ ထို့ကြောင့် အမျိုးသားယဉ်ကျေးမှု စရိုက်လက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်လာသည်။

သို့ဖြစ်ရာ ပြည်ထောင်စုစိတ်ဓာတ် ထွန်းကားရေး၊ အမျိုးသားယဉ်ကျေးမှု စရိုက်လက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်နိုင်ရေးအတွက် တိုင်းရင်းသား လူမျိုးအားလုံးတို့၏ ဓလေ့ထုံးတမ်းစဉ်လာများ ပါဝင်သည့် မြန်မာ့ယဉ်ကျေးမှု အနုပညာရပ်များကို မြှင့်တင်ထုတ်ဖော် အားပေးကြရန်နှင့် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို အားပေးချီးမြှင့်ခြင်းဖြင့် ကြိုဆိုလိုက်ရပါကြောင်း။      ။