Skip to main content

ထာဝရငြိမ်းချမ်းရေးဆီသို့ ယုံယုံကြည်ကြည် ဦးတည်လျှောက်လှမ်း

၂၀၂၂ ခုနှစ်ကို ငြိမ်းချမ်းရေးနှစ်အဖြစ် သတ်မှတ်ကြေညာခဲ့ပြီး နိုင်ငံရေးအရ ဖြစ်ပေါ်နေသည့် သဘောထားကွဲလွဲမှုများကို မည်သည့်ကန့်သတ်ချက်မျှမထားရှိဘဲ တွေ့ဆုံဆွေးနွေး အဖြေရှာနိုင်ရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရက ဖိတ်ခေါ်ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိသည်။ လာမည့် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့သည် မြန်မာ့လွတ်လပ်ရေး (၇၅) နှစ်ပြည့်မြောက်သည့် စိန်ရတုလွတ်လပ်ရေးနေ့ဖြစ်ရာ ၂၀၂၂ ခုနှစ် ငြိမ်းချမ်းရေးနှစ်အတွင်း ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်ခိုင်မာစေရေးနှင့် ငြိမ်းချမ်းရေးဟူသော လုပ်ငန်းစဉ်တို့ကို တိုးမြှင့်ဆောင်ရွက်လျက်ရှိသည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို တိုးမြှင့်ဆောင်ရွက်ရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA)တို့ကို အခြေခံ၍ ဖော်ဆောင်နေခြင်းဖြစ်သည်။ NCA စာချုပ်သည် တစ်ဦးတစ်ယောက်၊ တစ်ဖွဲ့တည်းက ရေးဆွဲထားခြင်းမဟုတ်ဘဲ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ လိုလားချက်များနှင့် အဆိုပြုချက်များကို မူတည်ပြီး အစိုးရ၊ လွှတ်တော်၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ အားလုံးဆွေးနွေးညှိနှိုင်း သဘောတူ ရေးဆွဲထားခြင်း ဖြစ်သကဲ့သို့ ပြည်သူတစ်ရပ်လုံး၏ ထောက်ခံအားပေးမှု၊ နိုင်ငံတကာ၏ အသိအမှတ်ပြု လေးစားမှုတို့ကိုလည်း ရရှိထားရာ NCA စာချုပ်ပါ အချက်များမှာ အမြဲအလေးထားကြရမည့် အချက်များပင်ဖြစ်သည်။ စင်စစ် NCA သည် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ်ဟုဆိုသော်လည်း အနှစ်သာရအားဖြင့် ပိုမိုနက်ရှိုင်း ကျယ်ပြန့်သည်။ NCA ၏ အခြေခံမူ ပထမအချက်တွင် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရန် သဘောတူ သတ်မှတ်ထားပြီးဖြစ်သည်။ နိုင်ငံတော်အစိုးရသည် ထာဝရငြိမ်းချမ်းရေးရရှိရေးအတွက် NCA စာချုပ်ပါအတိုင်း ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်းနှင့် တွေ့ဆုံဆွေးနွေးရေးအတွက် တံခါးကို အမြဲဖွင့်လှစ်ထားကြောင်း အတိအလင်း ကြေညာထားသည်။

နိုင်ငံတော်အစိုးရအနေဖြင့် တိုင်းရင်းသားပြည်သူလူထု တစ်ရပ်လုံး၏ လိုအင်ဆန္ဒဖြစ်သည့် နိုင်ငံတစ်ဝန်း ငြိမ်းချမ်းသာယာရေးအတွက် ဆောင်ရွက်လျက်ရှိသော ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များမှာ ပြည်တွင်း ပြည်ပ အဖျက်အမှောင့်များ၊ ပြည်တွင်း အကြမ်းဖက်အဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များ၊ အကြမ်းဖက်အားပေး ပြည်ပလက်ဝေခံမီဒီယာများ၏ သွေးထိုးလှုံ့ဆော်မှုများ စသည့် အနှောင့်အယှက်များစွာတို့က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို များစွာထိခိုက်စေသည်။ ငြိမ်းချမ်းရေးသည် တစ်ဖက်တည်းက ဆောင်ရွက်နေ၍မရဘဲ ပါဝင်ပတ်သက်နေသည့် အားလုံးက ငြိမ်းချမ်းရေးကို လိုလိုလားလားနှင့် ရိုးသားဖြောင့်မတ်ရန်၊ မသမာသူတို့က မည်သို့ပင် သွေးထိုးလှုံ့ဆော်၊ တွန်းတိုက်ကြစေကာမူ ငြိမ်းချမ်းရေးလမ်းကြောင်းကို ယုံယုံကြည်ကြည်ဖြင့် မမှိတ်မသုန် လျှောက်လှမ်းသွားနိုင်ကြရန် လိုအပ်သည်။

လွတ်လပ်ရေးသက်တမ်း (၇၅)နှစ် ပြည့်မြောက်တော့မည်ဖြစ်သည့် မိမိတို့နိုင်ငံအနေဖြင့် လက်နက်ကိုင်ပဋိပက္ခများမှ ရုန်းထွက်ကာ အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းပေါ်သို့ ရောက်ရှိရန် အရေးကြီးသည့် အချိန်အခါသို့ ရောက်ရှိနေပြီဖြစ်သည်။ ယင်းအတွက် အဓိကလိုအပ်ချက်မှာ ငြိမ်းချမ်းရေးပင်ဖြစ်ရာ ပြည်ထောင်စုကြီး၏အကျိုးကို ရှေးရှုလျက် တွေ့ဆုံဆွေးနွေးညှိနှိုင်းမှုများမှသည် ထာဝရငြိမ်းချမ်းရေးဆီသို့ ဦးတည် ချီတက်နိုင်ကြပါစေကြောင်း။     ။