နေပြည်တော် အောက်တိုဘာ ၁၁
NUG နှင့် PDF အမည်ခံ အကြမ်းဖက်သမားများသည် အေးချမ်းစွာ နေထိုင်လျက်ရှိသည့် ပြည်သူလူထုများနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဆောင်ရွက်နေသည့် အုပ်ချုပ်ရေး တာဝန်ရှိသူများအား ထိခိုက်ဒဏ်ရာရရှိစေရန်နှင့် လမ်းပန်းဆက်သွယ်မှုများ လုံခြုံချောမွေ့မှု မရှိစေရေး ရည်ရွယ်ချက်များဖြင့် အများပြည်သူ အသုံးပြုသည့် လမ်းကြောင်းများနှင့် တံတားများအား မိုင်းထောင်ဖောက်ခွဲခြင်း၊ ပစ်ခတ်တိုက်ခိုက်ခြင်း စသည့် အကြမ်းဖက် လုပ်ရပ်များကို လုပ်ဆောင်လျက်ရှိသည်။
ထို့သို့လုပ်ဆောင်လျက်ရှိရာ CDF အမည်ခံ အကြမ်းဖက်အဖွဲ့များသည် ဟားခါးမြို့နှင့် ထန်တလန်မြို့ကို ဆက်သွယ်ထားသည့် ဟားခါးမြို့၏ အနောက်ဘက် ၇ မိုင်ခန့်အကွာရှိ အရှည် ၇၀ ပေ၊ အကျယ် ၃၀ ပေရှိ သံကူကွန်ကရစ်အမျိုးအစား သီးမြစ်ချောင်းကူး တံတားအား ၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၂၂ ရက် နံနက် ၈ နာရီခွဲခန့်တွင် ဒေသန္တရ လက်လုပ်မိုင်းများဖြင့် ဖောက်ခွဲဖျက်ဆီးခဲ့ရာ တံတားကြမ်းခင်းများ ကျိုးကျပေါက်ပြဲ ပျက်စီးခဲ့ပြီး မော်တော်ယာဉ်များ ဖြတ်သန်းသွားလာနိုင်ခြင်း မရှိသဖြင့် ဒေသတွင်း ကုန်စည်စီးဆင်းမှု အခက်အခဲများ ဖြစ်ပေါ်ခဲ့သည်။
အဆိုပါ CDF အမည်ခံ အကြမ်းဖက်အဖွဲ့များ၏ ဖောက်ခွဲဖျက်ဆီးခဲ့သည့် သီးမြစ်ချောင်းကူး တံတားအား ဒေသခံပြည်သူများ သွားလာမှု အဆင်ပြေစေရေးအတွက် နယ်မြေခံ တပ်မတော်သားများက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး နယ်မြေခံ စစ်မြေပြင် အင်ဂျင်နီယာအဖွဲ့များက ချင်းပြည်နယ် တံတားအထူးအဖွဲ့(၁)မှ အင်ဂျင်နီယာများနှင့်အတူ ဘေလီဘောင် တစ်လွှာတပ်ဆင်ခြင်း၊ တံတားယက်မ တပ်ဆင်ခြင်း၊ ချုပ်တန်းတပ်ဆင်ခြင်း၊ အခင်းခင်းခြင်း၊ ချဉ်းကပ်လမ်းဖောက်လုပ်ခြင်း စသည့် ပြန်လည်ပြုပြင် တည်ဆောက်ခြင်း လုပ်ငန်းများအား ဆောင်ရွက်ခဲ့ရာ ၂၀၂၂ ခုနှစ် စက်တင်ဘာ ၂၄ ရက်တွင် ၁၀၀ ရာခိုင်နှုန်း ပြီးစီးခဲ့ကာ ယခုအခါ မော်တော်ယာဉ်များ ပုံမှန်အတိုင်း ပြန်လည်ဖြတ်သန်း သွားလာလျက်ရှိကြောင်းနှင့် လမ်းပန်းဆက်သွယ်ရေးနှင့် ကုန်စည်စီးဆင်းမှုများ ပြန်လည်ကောင်းမွန်လျက်ရှိကြောင်း သိရှိရသည်။
အများပြည်သူ သွားလာအသုံးပြုလျက်ရှိသည့် လမ်းမကြီးများနှင့် တံတားများအား မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခြင်းများ လုပ်ဆောင်လျက်ရှိသည့် CDF အမည်ခံ အကြမ်းဖက်အဖွဲ့များအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စုံစမ်းဖော်ထုတ်လျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေးအတွက် လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။