နေပြည်တော် အောက်တိုဘာ ၁၀
ဂျပန်နိုင်ငံ ကျိုတိုမြို့တွင် ၂၀၂၂ ခုနှစ် အောက်တိုဘာ ၁၂ ရက်မှ ၁၆ ရက်ထိကျင်းပသည့် (၂၉) ကြိမ်မြောက် နိုင်ငံတကာသွေးတိုး ရောဂါဆေးပညာအဖွဲ့အစည်းအဝေးသို့ မြန်မာနိုင်ငံမှ ကိုယ်စားလှယ်များအဖြစ်တက်ရောက်မည့် ကျန်းမာရေးဝန်ကြီးဌာနမှ ပါမောက္ခ ဒေါက်တာရဲမြင့် (မြန်မာနိုင်ငံ သွေးတိုးရောဂါဆေးပညာအဖွဲ့ အထွေထွေအတွင်းရေးမှူး)၊ ပါမောက္ခဒေါက်တာမင်းဇော်ဦး (မြန်မာနိုင်ငံ သွေးတိုးရောဂါဆေးပညာအဖွဲ့ တွဲဖက်အတွင်းရေးမှူး)နှင့် ပါမောက္ခ ဒေါက်တာ ရှင်နှောင်းလွင် (မြန်မာနိုင်ငံ သွေးတိုးရောဂါဆေးပညာအဖွဲ့ အဖွဲ့ဝင်)တို့သည် အောက်တိုဘာ ၁၀ ရက် ည ၇ နာရီတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ လေကြောင်းခရီးစဉ်အမှတ် (WE 304)ဖြင့် ထိုင်းနိုင်ငံ ဗန်ကောက်မြို့မှတစ်ဆင့် ဂျပန်နိုင်ငံသို့ ထွက်ခွာသွားကြောင်း သိရသည်။
အဆိုပါအစည်းအဝေးသို့ ကမ္ဘာ့နိုင်ငံများမှ သွေးတိုးရောဂါဆေးပညာအဖွဲ့အစည်းများ၏ ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့်အဖွဲ့ဝင်များ တက်ရောက်ကြ၍ သွေးတိုးရောဂါကာကွယ်ကုသရေးလုပ်ငန်းများ၊ ပြောင်းလဲလာသည့် သွေးတိုးရောဂါဆိုင်ရာ ဆေးကုသမှုနည်းစနစ်များ၊ ဆေးဝါးများ၊ သုတေသနလုပ်ငန်းများနှင့်ပတ်သက်၍ အမြင်ချင်းဖလှယ် ဆွေးနွေးကြမည်ဖြစ်ကြောင်း သိရသည်။
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံတကာနှင့်ဆေးပညာနယ်ပယ်တွင် အတူတကွပူးပေါင်းဆောင်ရွက်နိုင်ရေး လုပ်ဆောင်လျက်ရှိရာ မကြာမီကာလများတွင်လည်း ဆေးပညာဆိုင်ရာဆွေးနွေးပွဲများနှင့် သင်တန်းများတက်ရောက်ရန် ကိုယ်စားလှယ်များ ထပ်မံစေလွှတ်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်