Skip to main content

မော်တော်ယာဉ်မောင်းနှင်သူသည် တောင်ဆင်း၊ တောင်တက်လမ်း မောင်းနှင်ရာတွင် လိုက်နာရမည့်အချက်များ (နည်းဥပဒေ ၃၀၇)

မော်တော်ယာဉ်မောင်းနှင်သူသည် တောင်ဆင်း၊ တောင်တက်လမ်းတွင် မောင်းနှင်ရာတွင် အောက်ပါအချက်များကို လိုက်နာရပါမည်-

(က) အဆင်းနှင့် အတက်မော်တော်ယာဉ်များဆုံရာ၌ ရှောင်တိမ်းရန်အခက်အခဲရှိပါက အဆင်းမော်တော်ယာဉ်သည် လမ်း၏ လက်ယာဘက်ဘေးသို့ တတ်နိုင်သမျှကပ်၍ ရပ်ပေးပြီး အတက်မော်တော်ယာဉ်ကို ဦးစားပေးရမည်။

(ခ)     အကယ်၍ အဆင်းမော်တော်ယာဉ်နှင့် အတက်မော်တော်ယာဉ်များ ဆုံမည့်နေရာ မရောက်မီ အတက်မော်တော်ယာဉ်၏ လမ်းကြောင်း လက်ယာဘက်၌သာ ရှောင်တိမ်းပေးနိုင်သော နေရာလပ်ရှိပါက အတက်မော်တော်ယာဉ်မှ အဆင်းမော်တော်ယာဉ်ကို ရှောင်တိမ်းပေးရမည်။

(ဂ) အကယ်၍ အဆင်းနှင့်အတက် မော်တော်ယာဉ်များဆုံသည့်နေရာ၌ ရှောင်တိမ်းရန်မလွယ်ကူခဲ့သော် နောက်ဆုတ်ပေးရန် အခက်အခဲမရှိသော မော်တော်ယာဉ်က နောက်ဆုတ်ပေးရမည်။

(ဃ)    အကွေ့တိုင်းတွင် ဟွန်းတီးပြီး အမြန်နှုန်း လျှော့မောင်းရမည်။

(င) အဆင်းမော်တော်ယာဉ်သည် ဂီယာကိုကြားအနေထား၌သော်လည်းကောင်း၊ ကလပ်(ချ်)ကို နင်းထား၍သော်လည်းကောင်း မောင်းနှင်ခြင်းမပြုရ။

(စ) မော်တော်ယာဉ်သည် အတက်အဆင်း၌စက်ရပ်သွားလျှင် သော်လည်းကောင်း၊ မော်တော်ယာဉ်ကို ရပ်ထားလျှင်သော်လည်းကောင်း လိမ့်ဆင်းမသွားစေရန် ဘရိတ်များကို အသုံးပြုရမည့်အပြင်လိုအပ်ပါက နောက်ဘီးများကိုပါကြမ်းတုံးများဖြင့် ခုထားရမည်။

ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန