Skip to main content

ကြက်ငှက်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ချက်

၁။      ကြက်ငှက်တုပ်ကွေးရောဂါသည် ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားရခြင်းဖြစ်ပြီး ရာသီမရွေး ကူးစက်ကျရောက်ဖြစ်ပွားတတ်သဖြင့် မိမိတို့ ကြက်/ ဘဲ/ငုံးခြံများတွင် အဆိုပါရောဂါကူးစက်ကျရောက်ခြင်းမရှိစေရေးအတွက် မွေးမြူရေးခြံများ၏ ဇီဝလုံခြုံမှုကို စနစ်တကျမြှင့်တင်ရန် လိုအပ်ပါသည်။ ကြက်ငှက်တုပ်ကွေးရောဂါကြိုတင်ကာကွယ်နိုင်ရန်အတွက် အောက်ပါအတိုင်းလိုက်နာဆောင်ရွက်နိုင်ပါရန် အသိပေးနှိုးဆော်အပ်ပါသည်-

(က)    ကြက်၊ ဘဲ၊ ငုံးမွေးမြူရေးခြံများ၏ ဇီဝလုံခြုံမှုကို အထူးဂရုပြုဆောင်ရွက်ရန်၊

(ခ)     ကြက်၊ ဘဲ၊ ငုံးမွေးမြူရေးခြံများနှင့် ကြက်၊ ဘဲ၊ ငုံးအရှင်ဈေးများတွင် စနစ်တကျပိုးသတ်ဆေးဖျန်းခြင်း ပုံမှန်ပြုလုပ်ဆောင်ရွက်ရန်၊

(ဂ) အခြားခြံများမှ အသုံးအဆောင်ပစ္စည်းများ ငှားရမ်းသုံးစွဲခြင်းမပြုရန်နှင့် လူနှင့်ယာဉ်အဝင်/အထွက် ထိန်းချုပ်ရန်၊

(ဃ)    ကြက်၊ ဘဲ၊ ငုံးမွေးမြူရေးခြံများအတွင်း အပူချိန်၊ စိုထိုင်းဆ၊ လေဝင်/လေထွက် ကောင်းမွန်စေရေးဆောင်ရွက်ရန်၊

(င)     မွေးမြူရေးခြံအတွင်းသို့ ဝင်ရောက်ပါကနှာခေါင်းစည်း၊ လက်အိတ်စသည့် အကာအကွယ်ပစ္စည်းများ စနစ်တကျဝတ်ဆင်ရန်၊

(စ)     ကြက်၊ ငှက်များကိုကိုင်တွယ်ပြီးတိုင်းနှင့် ကြက်၊ ဘဲ၊ ငုံးမွေးမြူရေးခြံများမှ ထွက်သည့်အခါတိုင်း ဆပ်ပြာဖြင့် လက်ဆေးခြင်းနှင့် တစ်ကိုယ်ရေသန့်ရှင်းရေးပြုလုပ်ခြင်းများ ဆောင်ရွက်ရန်၊

(ဆ)    အသားနှင့် ဥတို့ကို သေချာစွာကျက်အောင်ချက်ပြုတ်ပြီးမှ စားသုံးရန်၊

(ဇ)     ကြက်၊ ငှက်များပုံမှန်မဟုတ်ဘဲ ရုတ်တရက်သေဆုံးပါက နီးစပ်ရာအုပ်ချုပ်ရေးအဖွဲ့၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ထံသို့ ချက်ချင်းသတင်းပို့ရန်၊

(ဈ) ရောဂါကြိုတင်ကာကွယ်ရေးနှင့် ရောဂါစူးစမ်းရှာဖွေခြင်းလုပ်ငန်းများတွင် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းပါဝင်ဆောင်ရွက်ရန်။

မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန