Skip to main content

ပြည်တွင်းစက်သုံးဆီဖူလုံစေရေးအတွက် စက်သုံးဆီများ ပုံမှန်တင်သွင်းနိုင်ရေး စီမံဆောင်ရွက်လျက်ရှိ

စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီသည် ပြည်တွင်းစက်သုံးဆီဖူလုံမှုရှိစေရေးအတွက် စက်သုံးဆီအမျိုးအစားများအလိုက် ပုံမှန်စိစစ်တင်သွင်းဆောင်ရွက်လျက်ရှိရာ အောက်တိုဘာ ၁၀ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး သီလဝါဆိပ်ကမ်းရှိ Terminal များတွင် MT YU DONG သင်္ဘောမှ ဓာတ်ဆီ 92 Ron ၀ ဒသမ ၀၂ ဂါလန်သန်းနှင့် ပရီမီယံဒီဇယ်ဆီ ၂ ဒသမ ၈၀ ဂါလန်သန်းကိုလည်းကောင်း၊ MT Bowmore သင်္ဘောမှ ဓာတ်ဆီ 92 Ron ၀ ဒသမ ၁၄ ဂါလန် သန်းကိုလည်းကောင်း ဆီချလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ပရီမီယံဒီဇယ်ဆီ ၂ ဒသမ ၉ ဂါလန်သန်း တင်ဆောင်လာသည့် MT Aulac Vision သင်္ဘောနှင့် ရိုးရိုး ဒီဇယ်ဆီ ၁ ဒသမ ၆ ဂါလန်သန်းနှင့် ပရီမီယံဒီဇယ်ဆီ ၁ ဒသမ ၈၆ ဂါလန်သန်းတင်ဆောင်လာသည့် MT Yu Yi သင်္ဘောများသည်လည်း ထပ်မံဆိုက်ကပ်လာပြီး ဆီချလုပ်ငန်းများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ရာ စက်သုံးဆီ လက်ကျန်အခြေအနေအရ စက်သုံးဆီဖူလုံမှုရှိကြောင်း တွေ့ရှိရသည်။

ယခုရက်သတ္တပတ်အတွင်း စက်သုံးဆီဈေးနှုန်းများသည် ကမ္ဘာ့စက်သုံးဆီ ဈေးနှုန်းမြင့်တက်လာမှုကြောင့် အနည်းငယ်မြင့်တက်လာသည်ကို တွေ့ရသည်။

တိုင်းဒေသကြီး၊ ပြည်နယ်များရှိ ကုမ္ပဏီပိုင်စက်သုံးဆီအရောင်းဆိုင်များနှင့် ပုဂ္ဂလိကစက်သုံးဆီအရောင်းဆိုင်များသို့ စက်သုံးဆီပြတ်လပ်မှုမရှိစေရေး အချိန်မီပို့ဆောင်ပေးလျက်ရှိသော်လည်း ယခင်ရက်သတ္တပတ်အတွင်း စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ်ရှိ မြောင်စက်သုံးဆီအရောင်းဆိုင်သို့ စက်သုံးဆီပြတ်လပ်မည်ဖြစ်သောကြောင့် အရေးပေါ်စက်သုံးဆီပို့ဆောင်စဉ် မြောင်-ပရိမ္မလမ်းပိုင်းတွင် အမည်မသိ အကြမ်းဖက်လက်နက်ကိုင်တစ်စုမှ အဆိုပါ စက်သုံးဆီတင်ယာဉ်နှင့် ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များအား ဖမ်းဆီးခေါ်ဆောင်သွားသည့်အတွက် သက်ဆိုင်ရာစက်သုံးဆီအရောင်းဆိုင်များသို့ စက်သုံးဆီများ အချိန်မီရောက်ရှိနိုင်ခြင်းမရှိခဲ့ကြောင်း သိရှိရသည်။