ဤကမ္ဘာမြေသည် လူသားနှင့်သက်ရှိသတ္တဝါများ အသက်ရှင်သန်ရပ်တည် နေထိုင်နိုင်ရေးအတွက် ဖွဲ့စည်းထားသောဒြပ်ထုဖြစ်သည်။ သက်ရှိများအား အကျိုးပြုသည့် ဤကမ္ဘာမြေသည် ပမာဏသတ်မှတ်ချက်တစ်ခုဖြင့် ဖြစ်တည်နေခြင်းဖြစ်သည်။ ကမ္ဘာမြေကြီးသည် နှစ်သန်းပေါင်းများစွာကြာအောင် လူသားများနှင့်သက်ရှိများအားလုံးအား အကျိုးပြုလျက်ရှိသည်။ လူသားများနှင့်သက်ရှိများအား အကျိုးပြုသည့် ဤကမ္ဘာမြေကြီးကို ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ကြရမည်ဖြစ်သည်။
“မြေသယံဇာတအရင်းအမြစ်များသည် လူသားများ၊ လူမှုအသိုင်းအဝိုင်းများ ဖြစ်တည်မှုအတွက် မရှိမဖြစ်လိုအပ်သည့် အခြေခံအကျဆုံး သဘာဝသယံဇာတ အရင်းအမြစ်များဖြစ်သော်လည်း အခြားသယံဇာတအရင်းအမြစ်များနှင့် မတူသည့်အချက်မှာ တိုးပွားအောင်လုပ်၍မရဘဲ အကန့်အသတ်ရှိသည့် သယံဇာတအရင်းအမြစ်များဖြစ်သည်ဆိုသည်ကို သတိပြုရမည်ဖြစ်ကြောင်း” နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က အမျိုးသားမြေအသုံးချမှုကောင်စီ တတိယအကြိမ်အစည်းအဝေးတွင် ပြောကြားခဲ့သည်။ အဆိုပါအချက်သည် လူသားအားလုံး သတိမူအလေးထားရမည့်အချက်ဖြစ်သည်။ လူသားများအနေဖြင့် ဤကမ္ဘာမြေပေါ်တွင် ရပ်တည်ရှင်သန်နေကြသော်လည်း ကမ္ဘာမြေ၏တန်ဖိုးနှင့် သဘာဝကို အလေးမထားကြပေ။
လူတို့အနေဖြင့် ကမ္ဘာမြေပေါ်၌ ရပ်တည်ရှင်သန်နေထိုင်လျက်ရှိသည့်အပြင် လူသားများအကျိုးအတွက် ကမ္ဘာမြေမှ သဘာဝသယံဇာတအမျိုးမျိုးကို အသုံးချလျက်ရှိသည်။ ကမ္ဘာမြေအပေါ်ယံလွှာမှ မြေသယံဇာတများသာမက ကမ္ဘာမြေအတွင်းပိုင်းမှ သယံဇာတများကိုလည်း အဆက်မပြတ်ထုတ်ယူလျက်ရှိသည်။ ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့၏ခန့်မှန်းချက်အရ ကမ္ဘာ့လူဦးရေတိုးပွားလာမှုနှင့် မြေဆီလွှာယိုယွင်းပျက်စီးမှုတို့ကြောင့် ၂၀၂၀ ပြည့်နှစ်တွင် လူတစ်ဦး စိုက်ပျိုးလုပ်ကိုင်နိုင်သည့် မြေဧရိယာ သုည ဒသမ ၁၈ ဟက်တာ ခန့်သာရှိပြီး အဆိုပါအခြေအနေကို ၁၉၆၀ ပြည့်နှစ်နှင့်နှိုင်းယှဉ်လျှင် ထက်ဝက်ခန့်ကျဆင်းလာသည်ကို တွေ့ရမည်ဖြစ်ပြီး ၂၀၅၀ ပြည့်နှစ်တွင် လက်ရှိထက်ထက်ဝက်ခန့်ထပ်မံကျဆင်းသွားမည်ဟု ခန့်မှန်းထားသည်။
ဤသည်မှာ ကမ္ဘာ့အပေါ်ယံမြေဆီလွှာပျက်စီးယိုယွင်းလာမှု စိုးရိမ်ဖွယ်ရာအခြေအနေတစ်ခုကို ခန့်မှန်းထားခြင်းဖြစ်ပြီး ကမ္ဘာမြေအတွင်းလွှာ ပျက်စီးကုန်ခန်းမှုအခြေအနေကိုလည်း ဘူမိဗေဒပညာရှင်များက ခန့်မှန်းတွက်ချက်ထားကြသည်။ ကမ္ဘာမြေလွှာပျက်စီးဆုံးရှုံးမှုနှင့်ဆက်စပ်၍ ကမ္ဘာ့အပေါ်လွှာ လေထုအိုဇုန်းလွှာပျက်စီးမှုလည်းရှိလာသည်။ ၂၀၀၇ ခုနှစ်မှ ၂၀၁၆ ခုနှစ်အတွင်း စိုက်ပျိုးရေး၊ သစ်တောနှင့် အခြားမြေအသုံးချမှုပြောင်းလဲခြင်းကြောင့် မှန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှု စုစုပေါင်း၏ ၂၃ ရာခိုင်နှုန်း ထုတ်လွှတ်ခဲ့သည်ဟု သိရှိရသည်။ အကျိုးဆက်အားဖြင့် ရာသီဥတုပြောင်းလဲပြီး သဘာဝဘေးအန္တရာယ်အမျိုးမျိုး ကမ္ဘာပေါ်တွင် မကြုံစဖူးကြုံတွေ့လာသည်ကို မြင်တွေ့ရမည်ဖြစ်သည်။
မြန်မာနိုင်ငံအနေဖြင့် ရာသီဥတုပြောင်းလဲမှု၏ ရိုက်ခတ်မှုဖြစ်သောအလွန်ကြီးမားသည့် နာဂစ်မုန်တိုင်းတိုက်ခတ်မှုကို ကြုံတွေ့ခဲ့ရသည်။ မျက်မှောက်ကာလတွင် ကမ္ဘာပေါ်ရှိနိုင်ငံအချို့၌ သဘာဝဘေးအန္တရာယ်အမျိုးမျိုးအားနေ့စဉ်နှင့်အမျှ ကြုံတွေ့နေကြသည်ကို တွေ့ရသည်။ နိုင်ငံအနှံ့အပြားတွင် ရေလွှမ်းမိုးမှု၊ မြေပြိုမှု၊ အယ်လ်နီညို၊ လာနီညာကဲ့သို့ အပူချိန်လွန်ကဲမှု၊ အအေးလှိုင်းဖြတ်သန်းမှုဖြစ်စဉ်များ ဖြစ်ပွားလျက်ရှိသည်။ လတ်တလောတွင် ပါကစ္စတန်နိုင်ငံ၌ ရေကြီးရေလျှံမှုကြောင့် လူပေါင်းတစ်ထောင်ကျော်သေဆုံးခဲ့ပြီး တရုတ်နိုင်ငံအနှံအပြားတွင် မိုးခေါင်ရေရှားမှုကြောင့် နန်ကင်းရှိယန်စီမြစ်ကြီး ခန်းခြောက်သွားပြီး အချို့ဒေသများတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံဖြစ်ပွားနေသည်ကို တွေ့ရသည်။
ယခုကဲ့သို့ သဘာဝလွန်ဘေးအန္တရာယ်များကြောင့် မြန်မာနိုင်ငံသည် ၁၉၉၈ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုပြောင်းလဲမှုကို ထိခိုက်ခံစားလွယ်သောနိုင်ငံများအနက် တတိယအဆင့်တွင် ရပ်တည်ခဲ့သည်။ ထို့ကြောင့် မြန်မာနိုင်ငံ၌ ရာသီဥတုပြောင်းလဲမှုလျှော့ချနိုင်ရေးနှင့် လိုက်လျောညီထွေဖြစ်စေရေးအတွက် မြေသယံဇာတအရင်းအမြစ်များကို စနစ်တကျစီမံခန့်ခွဲမှု ပြုလုပ်နိုင်ရန် ဆောင်ရွက်လျက်ရှိသည်။ မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (၂၀၁၈-၂၀၃၀) ၏ မဟာဗျူဟာစီမံချက်တွင် သဘာဝအရင်းအမြစ်များ၏ အကျိုးအမြတ်ကို ပြည်သူအားလုံးရရှိခံစားနိုင်ရေးအတွက် မြေယာစီမံခန့်ခွဲမှုနှင့် သယံဇာတအခြေပြုလုပ်ငန်းများ၏ ရေရှည်တည်တံ့သည့်စီမံခန့်ခွဲမှုကို တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ရန်အချက်ကို အကောင်အထည်ဖော်လျက်ရှိသည်။
သို့ဖြစ်ရာ ကမ္ဘာ့သယံဇာတသည် လူတို့အသုံးချမှုကြောင့် တဖြည်းဖြည်းလျော့နည်းလာသည်ကို တွေ့ရသည်။ အကျိုးဆက်မှာ ရာသီဥတုပြောင်းလဲမှုဒဏ်ကို တစ်ကမ္ဘာလုံးခံစားနေရသဖြင့် မြေသယံဇာတအရင်းအမြစ်များ လျော့နည်းပျက်စီးခြင်းများ မဖြစ်အောင် ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ကြရန် တိုက်တွန်းအပ်ပါကြောင်း။ ။
ကြေးမုံ,အယ်ဒီတာ့အာဘော်