Skip to main content

မွန်ပြည်သစ်ပါတီ (NMSP) ဒုတိယဥက္ကဋ္ဌ နိုင်အောင်မင်း ဦးဆောင်သည့် ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ ငြိမ်းချမ်းရေးဆွေးနွေးရန် နေပြည်တော်သို့ရောက်ရှိ

နေပြည်တော် အောက်တိုဘာ ၁၀

တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေး ရရှိရန်နှင့် လက်နက်ကိုင် ပဋိပက္ခ ချုပ်ငြိမ်းရေးတို့အတွက် ရည်ရွယ်၍ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ငြိမ်းချမ်းရေး ဆွေးနွေးရန် ဖိတ်ခေါ်ချက်အရ မွန်ပြည်သစ်ပါတီ (NMSP) ဒုတိယဥက္ကဋ္ဌ နိုင်အောင်မင်း ဦးဆောင်သည့် ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့သည် ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ Horizon Lake View Resort သို့ မော်တော်ယာဉ်များဖြင့် ရောက်ရှိကြရာ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီအဖွဲ့ဝင်နှင့် တာဝန်ရှိသူများ၊ နေပြည်တော် ကောင်စီနှင့် ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၊ အနုပညာဦးစီးဌာနမှ တိုင်းရင်းသား တိုင်းရင်းသူများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ငြိမ်းချမ်းရေးကို လိုလားသည့် ဒေသခံပြည်သူများက ထာဝရငြိမ်းချမ်းရေးကို ရရှိရေးသည် ပြည်သူတစ်ရပ်လုံး၏ ဆန္ဒအစစ်အမှန်ဖြစ်သည်၊ ငြိမ်းချမ်းရေး ရရှိရေးသည် နိုင်ငံသား အားလုံး၏ ဆန္ဒအမှန် ဖြစ်သည်၊ ပြည်ထောင်စုကြီး ငြိမ်းချမ်းဖို့ တွေ့ဆုံ ဆွေးနွေးကြပါစို့၊ တိုင်းရင်းသားတွေ စည်းလုံးမှ ငြိမ်းချမ်းတည်ငြိမ် အေးချမ်းရ စသည့် မွန်ဘာသာနှင့် မြန်မာဘာသာ စာသားပါ ဆိုင်းဘုတ်များ ကိုင်ဆောင်၍ လည်းကောင်း၊ နိုင်ငံတော် အလံငယ်များ ကိုင်ဆောင်၍ လည်းကောင်း ကြိုဆိုခဲ့ကြသည်။

မွန်ပြည်သစ်ပါတီ (NMSP) ဒုတိယဥက္ကဋ္ဌ ဦးဆောင်သည့် ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နှင့် ပထမအကြိမ် တွေ့ဆုံ ဆွေးနွေးမှုများကို ၂၀၂၂ ခုနှစ် မေလ ၂၃ ရက်မှ ၂၅ ရက်အထိ ဆောင်ရွက်ခဲ့ပြီး ထိုသို့တွေ့ဆုံ ဆွေးနွေးရာတွင် ပါတီစုံ ဒီမိုကရေစီစနစ် ခိုင်မာရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေး၊ ပြည်ထောင်စု ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ဆက်လက် ကြိုးပမ်းကြရန် သဘောတူညီနိုင် ခဲ့ကြသည်။ ယခု ဒုတိယအကြိမ် လာရောက်ဆွေးနွေးရာတွင်လည်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ နိုင်ငံရေးလိုလာချက်နှင့် အနာဂတ် လုပ်ငန်းစဉ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးညှိနှိုင်းရန် လမ်းဖွင့်ထားကြောင်းနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ မလာရောက်သေးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများကိုလည်း မည်သည့် အခြေအနေမျိုးတွင် မဆို ကြိုတင်ကန့်သတ်ချက် မထားဘဲ လာရောက် ဆွေးနွေးနိုင်ရန် ဖိတ်ခေါ်ထားကြောင်း သိရသည်။