Skip to main content

တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ဘုရား၊ စေတီပုထိုးများ၌ အများပြည်သူများ စိတ်အေးချမ်းသာစွာ ဖူးမြော်ကြည်ညို၊ အပန်းဖြေနေရာများ၌ အများပြည်သူများဖြင့် စည်ကား

နေပြည်တော် အောက်တိုဘာ ၁၀

ယနေ့သည် ၁၃၈၄ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁ ရက်နေ့ဖြစ်သည်နှင့်အညီ တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးရှိ ဘုရား၊ စေတီ၊ ပုထိုးများ၌ အများပြည်သူများ စိတ်အေးချမ်းသာစွာ လာရောက်ဖူးမြော်ကြည်ညိုခြင်း၊ တရားဘာဝနာ ပွားများကျင့်ကြံ အားထုတ်ခြင်း၊ ဒါနပြု ကုသိုလ်ယူ သီလတည်ဆောက်ခြင်း၊ အထင်ကရ နေရာများ၊ ပန်းခြံများ၊ အပန်းဖြေ နေရာများ၌ အပန်းဖြေခြင်းတို့ဖြင့် အထူး စည်ကားလျက်ရှိသည်။

ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ကောင်စီနယ်မြေရှိ ဥပ္ပါတသန္တိ စေတီတော်မြတ်ကြီး၊ ရန်ကုန်တိုင်း ဒေသကြီးရှိ ရွှေတိဂုံ စေတီတော်မြတ်ကြီး၊ မန္တလေးမြို့ရှိ မဟာမြတ်မုနိ ရုပ်ရှင်တော်မြတ်ကြီး အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ဘုရား၊ စေတီပုထိုးများ၌ သံဃာတော်များ၊ သာသနာနွယ်ဝင် သီလရှင်များ၊ မိဘပြည်သူများက ဝါကျွတ်ကာလ အခါသမယအဖြစ် ဆီမီးများ ပူဇော်ခြင်းနှင့် ဖူးမြော်ကြည်ညိုခြင်းများကို ကိုဗစ်-၁၉ စည်းမျဉ်း၊ စည်းကမ်း များနှင့်အညီ ဖူးမြော်ကြည်ညို ကုသိုလ်ယူခဲ့ကြသည်။ ၎င်းအပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ သက်ကြီး အဘိုးအဘွားများအား ပူဇော်ကန်တော့၍ ကျန်းမာရေး စောင့်ရှောက်ပေးခြင်းများ၊ အာဟာရဖြည့် စားသောက်ဖွယ်ရာများ ကျွေးမွေးခြင်းများ၊ ဘုရားဖူးလာ မိဘပြည်သူများအား စတုဒီသာ ကျွေးမွေးခြင်းများကိုလည်း မြန်မာ့ရိုးရာ ထုံးတမ်း အစဉ်လာများနှင့်အညီ ပြုလုပ်ခဲ့ကြသည်။

ထို့အပြင် နေပြည်တော် ကောင်စီနယ်မြေ ပျဉ်းမနားမြို့နယ်ရှိ တပ်တွင်းဓမ္မာရုံကြီး၌ ဝတ်ဖြူတော်အသင်းမှ ကြီးမှူးကျင်းပသည့် ပျဉ်းမနားမြို့နယ် လုံးဆိုင်ရာ နှစ်ကျိပ်ရှစ်ဆူ ဘုရားများအား မြို့တွင်း လှည့်လည်ပူဇော်ပွဲကျင်းပသည်။ နှစ်ကျိတ်ရှစ်ဆူ ဘုရားများကို မော်တော်ယာဉ်များဖြင့် ပင့်ဆောင်ပူဇော်ပြီး မြို့လုံးပတ် (ပျဉ်းမနား မြို့အတွင်း) လှည့်လည်ပူဇော်ခံခဲ့ပြီး စေတနာရှင် ပြည်သူများမှ ဆီမီးပန်း အလှူတော်ငွေများကို ဆက်ကပ်လှူဒါန်းခဲ့သည်။ အဆိုပါ နှစ်ကျိတ်ရှစ်ဆူသောဘုရားများကို နှစ်စဉ်နှစ်တိုင်း သီတင်းကျွတ်လပြည့်ကျော် ၁ ရက်နေ့၌ ဝတ်အသင်းများဖြင့် လှည့်လည် ပူဇော်ခံခဲ့ကြသည်။

၎င်းအပြင် နေပြည်တော်ကောင်စီ နယ်မြေ၊ ရန်ကုန်မြို့၊ မန္တလေးမြို့နှင့် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးရှိ မြို့နယ်များမှ လမ်းများပေါ်တွင်လည်း ဘုရားဖူးပြည်သူများ၊ အပန်းဖြေခရီး သွားရောက်သူများဖြင့် စည်ကားလျက်ရှိပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပန်းခြံများ၊ အပန်းဖြေ ဥယျာဉ်များနှင့် ကမ်းခြေများ၌လည်း သီတင်းကျွတ်ရုံး ပိတ်ရက်လာရောက် အပန်းဖြေ အနားယူကြသူများဖြင့် အထူးစည်ကား များပြားလျက်ရှိသည်။

ထို့အပြင် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)ဝန်း အတွင်းရှိ လမ်းများနှင့် ပန်းအလှသစ်ပင်များတွင် ရောင်စုံမီးအလှများ တပ်ဆင်ခြင်း၊ မီးရောင်စုံများ တပ်ဆင်ထားသည့် ပုံစံငယ်များဖြင့် မီးအလှများ ဆင်ယင်ထားသကဲ့သို့ နေပြည်တော်၊ ရေပန်းဥယျာဉ်တွင်လည်း ရောင်စုံမီးများ တပ်ဆင်ထားပြီး လာရောက်အပန်းဖြေသူများဖြင့် စည်ကားများပြားလျက် ရှိသည်။ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌လည်း ဆီမီးများ ပူဇော်ထွန်းညှိခြင်းများကို စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိပြီး ဥယျာဉ်၊ ပန်းခြံများနှင့် အများပြည်သူအပန်းဖြေ နေရာများတွင်လည်း ရောင်စုံမီးများဖြင့် မီးအလှများ တပ်ဆင်ထားရှိကာ ပြည်သူများလာရောက် အနားယူ အပန်းဖြေလျက် ရှိကြကြောင်း သတင်းရရှိသည်။