Skip to main content

ဝါတွင်းသုံးလ မြတ်ဗုဒ္ဓဆုံးမဩဝါဒ

သီတင်းကျွတ်အခါသမယတွင် မြတ်စွာဘုရားရှင် တာဝတိံသာနတ်ပြည်မှ လူ့ပြည်သို့ကြွမြန်းလာသည်ကို ရည်မှန်း၍ ဆီမီးတန်ဆောင်ထွန်းညှိပူဇော်ခြင်းအမှုကို ဗုဒ္ဓဘာသာဝင်အပေါင်းတို့ ညီညာရုံးစုကောင်းမှု အထူးပြုကြသည့် အချိန်ကာလဖြစ်သည်။ ဆီမီးထွန်းညှိပူဇော်ခြင်းကို အစဉ်အလာအားဖြင့် ပြုလုပ်ကြသလို ရဟန်းသံဃာများနှင့်စပ်လျဉ်း၍ သီတင်းကျွတ်ခြင်း၏ အနှစ်သာရကိုလည်း အလေးအမြတ်ထားရမည် ဖြစ်သည်။

သီတင်းကျွတ်လဟူသည်မှာ ရဟန်း၊ သာမဏေတို့ ဝါတွင်းသုံးလကာလ ပတ်လုံး ကျောင်းသင်ခန်းများတွင် သီတင်းသုံးနေထိုင်ကြရာမှ ကျွတ်လွတ်သော ကာလဖြစ်သည်။ ရဟန်း၊ သာမဏေတို့သည် ဝါဆိုကာလက “ဤကျောင်းတွင်း၌ ဤဝါတွင်းသုံးလပတ်လုံး ဝါကပ်ပါ၏” ဟု ဆောက်တည်ကာ ဝါဆိုခဲ့ကြသည်။ ရဟန်းတို့သည် ဝါဆိုလပြည့်နေ့မှစ၍ ဝါဆိုခဲ့ကြသည်။ ယခုသီတင်းကျွတ်လပြည့်နေ့သို့ ရောက်သောအခါ သုံးလပြည့်၍ ဝါဆိုကာ သီတင်းသုံးနေခဲ့ကြခြင်းမှ လွတ်မြောက်ခဲ့ကြ၏။ ထို့ကြောင့် ဤလကို သီတင်းကျွတ်လဟု အစဉ်အလာအားဖြင့် ခေါ်ဝေါ် ခဲ့ကြခြင်းဖြစ်သည်။

ရဟန်းတော်တို့ သီတင်းကျွတ်သည်မှာ နေမြဲအတိုင်း ကျွတ်လွတ်၍မရပါ။ ပဝါရဏာပြုပြီးမှ ကျွတ်ကြရသည်။ ပဝါရဏာဟူသည်မှာ ဖိတ်ကြားခြင်းဖြစ်သည်။ ရဟန်းတော်တို့သည် ဝါတွင်းသုံးလကာလပတ်လုံး သီတင်းသုံးလာကြပြီး သုံးလပြည့်မြောက်သော သီတင်းကျွတ်လပြည့်သို့ ရောက်သောအခါ ပဝါရဏာပြုပြီးမှ ကျွတ်လွတ်ကြသည်။ မြတ်စွာဘုရားရှင် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် ကောသလတိုင်းဇနပုဒ်၌ ဝါဆိုကြသောရဟန်းတို့သည် ငြင်းခုံခြင်း မရှိဘဲ အညီအညွတ်ချမ်းသာစွာနေကြလို၍ အချင်းချင်းစကားမပြောမဆိုကြကုန်။ ရဟန်းတို့သည် သုံးလလွန်မြောက်သဖြင့် ဝါမှထကုန်သည်ရှိသော် မြတ်စွာဘုရားကိုဖူးမြော်ရန် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်သို့ လာခဲ့ကြသည်။

ထိုအခါ မြတ်စွာဘုရားက “ရဟန်းတို့၊ ကျန်းမာကြ၏လော၊ မျှတကြ၏လော၊ အညီအညွတ် ဝမ်းမြောက်ဝမ်းသာ မငြင်းခုံဘဲ ချမ်းသာစွာဝါကပ်ခဲ့ကြပါ၏လော” ဟုမေးရာ “အညီအညွတ် ဝမ်းမြောက်ဝမ်းသာ မငြင်းခုံဘဲချမ်းသာစွာ ဝါကပ်ခဲ့ကြရပါသည်။ ဆွမ်းအတွက်လည်း မပင်ပန်းဘဲရှိကြပါကုန်သည်” ဟု ရဟန်းတို့က ပြန်ကြားလျှောက်ထားကြကုန်၏။ ထိုအခါ မြတ်စွာဘုရားက “ရဟန်းတို့၊ သင်တို့သည် အဘယ်သို့လျှင် အညီအညွတ် ဝမ်းမြောက်ဝမ်းသာ ငြင်းခုံခြင်းမရှိဘဲ ချမ်းသာစွာ ဝါတွင်းသုံးလပတ်လုံးနေကုန်ကြသနည်း” ရဟန်းတို့က “မြတ်စွာဘုရား၊ တပည့်တော်တို့သည် အချင်းချင်းစကား မပြောမဆိုမူ၍ အညီအညွတ် ဝမ်းမြောက်ဝမ်းသာ ငြင်းခုံခြင်းမရှိဘဲ ဝါတွင်းသုံးလပတ်လုံး ချမ်းသာစွာနေရပါကုန်သည်” ဟု လျှောက်ထားသည်။

မြတ်စွာဘုရားက “ရဟန်းတို့၊ ဤအချည်းနှီးယောကျ်ားတို့သည် မချမ်းသာဘဲ နေကုန်လျက်၊ နွားတို့၏ နေခြင်းကဲ့သို့ နေကုန်လျက်၊ ဆိတ်တို့၏ နေခြင်းကဲ့သို့ နေကုန်လျက်၊ ရန်သူတို့၏ နေခြင်းကဲ့သို့ နေကုန်လျက် ချမ်းသာစွာနေကုန်၏ဟု ဝန်ခံကုန်၏။ အဘယ်ကြောင့် အချည်းနှီးယောကျ်ားတို့သည် တတ္ထိတို့ ဆောက်တည် အပ်သော သူအကဲ့သို့ စကားမဆိုအပ်သောအကျင့်ကို ဆောက်တည်ကုန်သနည်း” ဟု မြတ်စွာဘုရားသည် ရဟန်းတို့ကို ဤသို့ပြစ်တင်ပြီးလျှင် “ရဟန်းတို့၊ တိတ္ထိတို့ ဆောက်တည်အပ်သော စကားမဆိုသောအကျင့်ကို မဆောက်တည်အပ်။ ဆောက်တည်သောရဟန်းအား ဒုက္ကဋ်အာပတ်သင့်၏” ဟု သိက္ခာပုဒ် ပညတ်တော်မူသည်။

ထို့နောက် မြတ်စွာဘုရားက “ ဝါမှထသော ရဟန်းတို့အား မြင်၍ဖြစ်စေ၊ကြား၍ ဖြစ်စေ၊ ယုံမှား၍ဖြစ်စေ သုံးပါးသောအကြောင်းတို့ဖြင့် ဖိတ်ကြားခြင်း (ပဝါရဏာ ပြုခြင်း)ငှာ ခွင့်ပြု၏။ ထိုသို့ ဖိတ်ကြားခြင်းသည် သင်တို့အတွက် အချင်းချင်း လိုက်လျောခြင်း၊ အာပတ်မှ ထမြောက်စေခြင်း၊ ဝိနည်းကိုရှေးရှုခြင်း ဖြစ်လတ္တံ” ဟု ပဝါရဏာကို ခွင့်ပြုတော်မူလေသည်။ ထို့ကြောင့် ရဟန်းတို့သည် သီတင်းကျွတ် လပြည့်သောအခါ အညီအညွတ်စည်းဝေး၍ ထေရ်စဉ်အလိုက် “ငါ့ရှင်တို့သံဃာကို ဖိတ်ကြားပါ၏။ မြင်၍ဖြစ်စေ၊ ကြား၍ဖြစ်စေ၊ ယုံမှား၍ဖြစ်စေ အရှင်တို့သည်ကျွန်ုပ်အား အစဉ်သနားခြင်းကို အကြောင်းပြု၍ ပြောဆိုကုန်လော့။ မြင်သည်ရှိသော် ကုစားပါအံ့” ဟု ပဝါရဏာပြုကြ၏။

ဤသို့လျှင် ရဟန်းတို့ သီတင်းကျွတ်ကြသည်။ လူတို့အနေဖြင့်လည်း ဤသို့ပြုသင့်ကြသည်။ ဤသို့ပြုနိုင်လျှင် အဘယ်မျှကြည်နူးဖွယ်ကောင်းမည်နည်း။ အချင်းချင်းမြင်၍ဖြစ်စေ၊ ကြား၍ဖြစ်စေ၊ ယုံမှား၍ဖြစ်စေ အစဉ်သနားခြင်းမေတ္တာထား၍ ညီညွတ်ကြပါလျှင် အေးချမ်းသာယာ ကောင်းခြင်း မင်္ဂလာများ ပြည့်စုံသည့် လောကလူ့ဘောင် တည်ထွန်းလာမည်ဖြစ်ပါကြောင်း။ ။