ဝါလကင်းလွတ် သီတင်းကျွတ်အခါသမယသည် မိုးရိပ်မိုးငွေ့တို့ မကုန်သေးသည့်တိုင် ခြေခင်းလက်ခင်းသာ စပြုပြီဖြစ်သည်။ မိုးဥတုနှင့်အတူ ဝါတွင်းသုံးလပတ်လုံး အနားမရခဲ့သမျှတို့ကို အတိုးချကာ သီတင်းကျွတ်ကာလ ရုံးပိတ်၊ ကျောင်းပိတ်ရက်တို့ စသည်နှင့် ကျောင်းကန်ဘုရားတို့တွင် စည်ကားသကဲ့သို့ ပွဲလမ်းသဘင်၊ ပျော်ပွဲရွှင်ပွဲတို့ဆီမှာလည်း ကြက်ပျံမကျအောင် စည်ကားမြဲဖြစ်သည်။ မြန်မာလူမျိုးတို့မှာ နှစ်တစ်နှစ်၏ ၁၂ လရာသီတွင် ရာသီအလိုက် လအလိုက် ကိုက်ညီဆီလျော်သည့် ပွဲတော်များကို ကျင်းပခဲ့ရာ ရာသီ ၁၂ လ ပွဲတော်များသည် မြန်မာ့ယဉ်ကျေးမှု ပွဲတော်များပင်ဖြစ်သည်။
ယခုနှစ် သီတင်းကျွတ်ကာလ အစမှာပင် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် ခရီးသွား မော်တော်ယာဉ်များ လမ်းလုံးပြည့်မျှ ခရီးထွက်ကြကြောင်း၊ ပုဂံညောင်ဦးတွင် ဟိုတယ်၊ မိုတယ်၊ ဧည့် ရိပ်သာများ အောက်တိုဘာ ၁၆ ရက်အထိ ကြိုတင်ဘိုကင်များဖြင့် ပြည့်နေကြောင်း၊ ကျိုက်ထီးရိုး စေတီဘုရားပွဲတော် တောင်တော်ဖွင့်ပွဲသည် တောင်လုံးပြည့်လျှံစည်ကားကြောင်း ကြားသိရသလို ရန်ကုန်၊ နေပြည်တော်၊ မန္တလေးမြို့ကြီးများနှင့်တကွ အမြို့မြို့အနယ်နယ်ရှိ ကျောင်း၊ ကန်၊ ဇရပ်၊ ဘုရား၊ ပုထိုးများတွင် ဥပုသ်သီတင်းဆောက်တည် ကြသူများနှင့် စည်ကားလျက်ရှိကြောင်း၊ ဒေသအသီးသီးရှိ လူအများ သွားလာလည်ပတ်ကြသည့် နေရာများသို့လည်း အနားယူအပန်းဖြေ ကြသူများ အမြောက်အမြား လာရောက်ကြကြောင်းတို့ကို သတင်းမီဒီယာများမှတစ်ဆင့် သိရှိရသည်။ ဤသည်မှာ ဒါန၊ သီလ၊ ဘာဝနာ ကုသိုလ်ကောင်းမှုများကို ပြုလုပ်လိုခြင်း၊ ငြိမ်းချမ်းသာယာစွာ နေထိုင်လိုခြင်းစသော မြန်မာလူမျိုးတို့၏ ပကတိစရိုက်သဘောကို ထင်ရှားစွာ တွေ့မြင်ရခြင်းပင်ဖြစ်သည်။
မိမိတို့နိုင်ငံသည် ရေမြေသယံဇာတများစွာ ပိုင်ဆိုင်ထားသည့်နိုင်ငံဖြစ်သည်။ လူဦးရေ ၅၆ သန်းခန့်ရှိပြီး အလုပ်လုပ်နိုင်သည့် အသက်အရွယ်ရှိသော အချိုးအစားများပြားသည့် လူဦးရေဆုလာဘ်ကိုလည်း ရရှိထားသည်။ တစ်နိုင်ငံလုံးအကြားအလပ်မရှိ ငြိမ်းချမ်းနေမည်၊ ညီညွတ်နေမည်ဆိုပါက အချိန် အနည်းငယ်အတွင်း တစ်ဟုန်ထိုး ဖွံ့ဖြိုးတိုးတက်သွားမည့် အလားအလာကောင်းများ ရှိနေသည့်နိုင်ငံ ဖြစ်သည်။ သို့ရာတွင် မိမိတို့နိုင်ငံသည် ကံမကောင်းအကြောင်းမလှစွာဖြင့် ကိုလိုနီနယ်ချဲ့ခေတ်မှ ဆိုးမွေများကို ဖယ်ရှား၍ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို ခေတ်အဆက်ဆက် တည်ဆောက်နေရဆဲ၊ ပြည်တွင်းပြည်ပမှ အဖျက်အမှောင့် အနှောင့်အယှက်များစွာတို့ကို တစ်ရံမလပ် ရှင်းလင်းဖယ်ရှားနေရဆဲ ဖြစ်သည့်အလျောက် နိုင်ငံတည်ဆောက်ရေးတွင် အတားအဆီး အပိတ်အဆို့များနှင့် နှောင့်နှေး မှုတို့ကြုံရသည်။ နိုင်ငံဖွံ့ဖြိုးတိုးတက်မှု နှေးကွေးနည်းပါးသည့်အခါ နိုင်ငံအတွင်းရှိ ပြည်သူလူထု၏ လူမှုစီးပွားဘဝများ၊ လူနေမှုအဆင့် အတန်းများမှာလည်း နိမ့်ကျကြရသည်။
ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးရာတွင်လည်း ပြည်သူလူထုက ရွေးချယ်တင်မြှောက်လိုက်သည့် အစိုးရတစ်ရပ်သည် ပြည်သူလူထုကို မှန်ကန်စွာဦးဆောင်စည်းရုံး၍ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံသူ၊ နိုင်ငံသားများ၏ လူမှုစီးပွားဘဝများ မြင့်မားတိုးတက်ရေးတို့ကို အရည်အချင်းပြည့်ဝစွာ ဆောင်ရွက် မပေးနိုင်ခဲ့သည့် အခြေအနေမျိုးကိုလည်း ကြုံတွေ့ခဲ့ရသည်။ အဆိုးဆုံးမှာ နိုင်ငံရေး မရိုးသားမှုပင် ဖြစ်ပြီး ယင်းသို့ မရိုးသားမှုမှ ပေါ်ပေါက်လာသည့် ပြဿနာများကို မှန်မှန်ကန်ကန် ဖြေရှင်းရမည့်အစား နိုင်ငံနှင့် ပြည်သူ “နာ” စေမည့်နည်းလမ်းကို ရွေးချယ်ကာ အလုံးစုံပျက်သုဉ်းရေးလမ်းစဉ်နှင့် အကြမ်းဖက်မူဝါဒတို့ကို ကျင့်သုံးကြခြင်းပင်ဖြစ်သည်။
မည်သို့ပင်ဆိုစေ မြူမှောင်ကင်းလျှင် လမင်းသာမြဲ၊ အလင်းရောင်လာလျှင် အမှောင်ပျောက်မြဲ ဖြစ်သည်နှင့်အညီ အချိန်တန်သည်နှင့် နိုင်ငံနှင့်ပြည်သူတို့၏ ကောင်းရာကောင်းကျိုးကို လိုလားသော၊ ငြိမ်းချမ်းသာယာဝပြောမှုကို လိုလားသော ငြိမ်းချမ်းရေးဝါဒနှင့် ဓမ္မဝါဒီတို့ကသာ နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုးတို့ကို ဆောင်ကြဉ်း ကြမည်ဖြစ်ပြီး အကြမ်းဖက်ဝါဒနှင့် အဓမ္မဝါဒီတို့မှာမူ ကြက်ပျောက် ငှက်ပျောက် ပျောက်ကွယ်ကြရမည်သာဖြစ်သည်ဟု ယုံကြည်ပါကြောင်း။ ။