နေပြည်တော် အောက်တိုဘာ ၉
တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ အောက်တိုဘာ ၇ ရက်တွင် မန္တလေးတိုင်းဒေသကြီး တရား မဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် စွယ်တော်ကြီးကားကြီးကွင်း အနီး၌ ပူးပေါင်းစစ်ဆေးရေးအဖွဲ့က ရှောင်တခင်စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မသင်္ကာဖွယ်ရပ်တန့်ထားသော မော်တော်ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသော ရေခဲသေတ္တာအဟောင်းအလုံး ၃၀ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၄၄၀၀၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်ထားသော NISSAN CONDOR MK37A TRUCK အမျိုးအစား မော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၀၀၀၀၀၀၀)၊ စုစုပေါင်း ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၄၄၀၀၀၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံး လုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
အလားတူ အောက်တိုဘာ ၉ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ စစ်ဆေးရေးအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မုံရွာမြို့နယ်၌ လိုင်စင်မဲ့မော်တော်ယာဉ်လေးစီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၃၀၀၀၀၀၀)နှင့် ဆိုင်ကယ်တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၀၀၀၀၀)၊ စုစုပေါင်း ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၃၂၀၀၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန် ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
ထို့အတူ ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး သစ်တောဦးစီး ဌာနဦးဆောင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ သာယာဝတီခရိုင်အတွင်း တရားမဝင်ကျွန်းသစ်နှင့် ပျဉ်းကတိုးသစ်ခွဲသား (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၇၇၁၀၁၂)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်ပါ၍ အောက်တိုဘာ ၇ ရက်နှင့် ၉ ရက်တို့တွင် ဖမ်းဆီးရမိမှုစုစုပေါင်းမှာ အမှုတွဲရှစ်မှု၊ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၅၇၃၇၁၀၁၂) ဖြစ်ကြောင်း တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။
သတင်းစဉ်