ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိရာ ရောဂါထိန်းချုပ်ရေး လုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် ပြည်သူလူထုအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်းများကို စနစ်တကျ လိုက်နာဆောင်ရွက်ရန်လိုအပ်ပြီး COVID-19 ကာကွယ်ဆေး ထိုးနှံမှုခံယူခြင်းအား အထူးဂရုပြုပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပါသည်။
COVID-19 သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူများနှင့် အသွားအလာ ကန့်သတ်ထားရှိသူများအား COVID-19 ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစစ်ဆေးခြင်း ပုံမှန်ဆောင်ရွက်လျက်ရှိပြီး (၈-၁၀-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၉-၁၀-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း (၈,၅၀၁) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၁၉၆) ဦး တွေ့ရှိရပါသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုးတွေ့ရှိမှုရာခိုင်နှုန်းမှာ (၂.၃၁) ရာခိုင်နှုန်း ရှိပါသည်။
သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာစုစုပေါင်း (၉,၁၇၅,၈၄၆)ခုအား စစ်ဆေးခဲ့ပြီး COVID-19 ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း (၆၂၆,၄၅၈) ဦး ရှိပြီဖြစ်ပါသည်။
ဓာတ်ခွဲအတည်ပြုလူနာများအား နေအိမ်တွင်သီးခြားထားရှိခြင်းနှင့် ဆေးရုံများတွင် သီးခြား ထားရှိကုသမှုပေးခြင်းများ ဆောင်ရွက်ခဲ့ရာ ယနေ့တွင် ပြန်လည်ကောင်းမွန်လာသူ (၁၅၆) ဦး ရှိသဖြင့် ယနေ့အထိ ပြန်လည်ကောင်းမွန်လာသူ စုစုပေါင်း (၆၀၀,၂၆၆) ဦး ရှိပြီဖြစ်ပါသည်။ ယနေ့တွင် COVID-19 ရောဂါဖြင့် သေဆုံးသူမရှိပါသဖြင့် ယနေ့အထိ သေဆုံးသူ စုစုပေါင်း (၁၉,၄၆၇) ဦး ရှိပါသည်။
COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် တိုင်းဒေသကြီး/ပြည်နယ်များတွင် COVID-19 ရောဂါကာကွယ်ဆေးကို ဦးတည်အုပ်စုများသတ်မှတ်၍ ထိုးနှံပေးလျက်ရှိရာ (၈-၁၀-၂၀၂၂) ရက်နေ့ အထိ အသက် (၁၈) နှစ်နှင့်အထက် လူဦးရေစုစုပေါင်း (၃၀,၆၂၄,၂၁၉) ဦးနှင့် အသက် (၁၈) နှစ်အောက် လူဦးရေ စုစုပေါင်း (6,657,209) ဦး တို့အား ထိုးနှံထားရှိပြီး ဖြစ်ပါသည်။
မြန်မာနိုင်ငံတွင် (၂၈-၁-၂၀၂၂) ရက်နေ့မှ (၂၆-၉-၂၀၂၂) ရက်နေ့အထိ တွေ့ရှိရသော ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ စုစုပေါင်း (၁၄၅) ဦးရှိရာ ၎င်းတို့အနက် (၁၀၂) ဦး (၇၀ ရာခိုင်နှုန်း) မှာ ဆီးချို၊ သွေးတိုး၊ နှလုံး၊ အသည်း၊ ကျောက်ကပ်၊ အဆုတ်၊ ကင်ဆာရောဂါစသည့် နာတာရှည် ရောဂါအခံ တစ်ခုခုရှိသူများ ဖြစ်ကြပါသည်။ အဆိုပါ ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသည့် နာတာရှည်ရောဂါ ရောဂါအခံရှိသူများ၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံထားရှိမှု အခြေအနေများကို ဆန်းစစ်ချက်အရ သေဆုံးသူများ၏ (၈၁.၄) ရာခိုင်နှုန်းမှာ ကာကွယ်ဆေး လုံးဝထိုးနှံထားခြင်းမရှိသူများနှင့် ကာကွယ်ဆေးအကြိမ်ပြည့် ထိုးနှံထားခြင်း မရှိသူများ ဖြစ်ကြပြီး (၁၇.၂) ရာခိုင်နှုန်းမှာ ကာကွယ်ဆေးအကြိမ်ပြည့် ထိုးနှံထားရှိသူများနှင့် (၁.၄) ရာခိုင်နှုန်းမှာ ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံထားသူများဖြစ်ကြောင်း တွေ့ရှိရပါသည်။
ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးရသူ နာတာရှည်ရောဂါအခံရှိသူများ၏ မိသားစုဝင်များ ထံမှသိရှိချက်အရ အဆိုပါသေဆုံးရသူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံမှုကို ခံယူမှုမရရှိခဲ့ခြင်း၏ အဓိက အကြောင်းရင်းများမှာ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံမှု ခံယူခြင်းဖြင့် မိမိတွင်ရှိနေသည့် နာတာရှည် ရောဂါအခံသည် ပိုမိုဆိုးရွားလာမည်ဟူသည့် လွဲမှားသော အယူအဆကြောင့် စိုးရိမ်စိတ်ဖြစ်ပေါ်၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံမှုများကို လာရောက်မခံယူခြင်း၊ အသက်အရွယ်ကြီးရင့်မှုနှင့် နာတာရှည်ရောဂါ အခံကြောင့် ကာကွယ်ဆေးထိုးစုရပ်များသို့ သွားရောက်ရန်အခက်ခဲရှိခြင်းတို့ကြောင့် ဖြစ်သည်ဟု သိရှိရပါသည်။
သို့ဖြစ်ပါ၍ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပါက အသက်အန္တရာယ်ဆုံးရှုံးနိုင်ခြေ ပိုမိုများပြားသည့် ဆီးချို၊ သွေးတိုး၊ နှလုံး၊ အသည်း၊ ကျောက်ကပ်၊ အဆုတ်၊ ကင်ဆာရောဂါစသည့် နာတာရှည်ရောဂါအခံတစ်ခုခု ရှိသူများအနေဖြင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံမှုကို မပျက်မကွက် ခံယူကြပါရန်နှင့် ၎င်းတို့၏ မိသားစုဝင်များ၊ မိတ်ဆွေများမှလည်း အဆိုပါနာတာရှည်ရောဂါ အခံတစ်ခုခုရှိသူများ အနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံမှုများကို အကြိမ်ပြည့် ထိုးနှံမှုခံယူရေးနှင့် ထပ်ဆောင်းကာကွယ်ဆေးများကို မပျက်မကွက်ထိုးနှံမှု ခံယူနိုင်ရေးအတွက် နီးစပ်ရာ ကာကွယ်ဆေးထိုးစုရပ်များ၊ ကျန်းမာရေးဌာနများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးများနှင့် မပျက်မကွက် ဆက်သွယ်ဆောင်ရွက်ကြပါရန် တိုက်တွန်းအပ်ပါသည်။
ကိုဗစ်-၁၉ ရောဂါဆိုင်ရာ သတင်းအချက်အလက်များကို ကျန်းမာရေးဝန်ကြီးဌာန၏ အင်တာနက် စာမျက်နှာ moh.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။