နေပြည်တော် အောက်တိုဘာ ၉
၁၃၈၄ ခုနှစ်၊ သီတင်းကျွတ်လပြည့် (အဘိဓမ္မာ အခါတော်နေ့) အခမ်းအနားကို ယနေ့ နံနက် ၇ နာရီတွင် နေပြည်တော်ရှိ ဥပ္ပါတသန္တိ စေတီတော်မြတ်ကြီး ရင်ပြင်တော် ဓမ္မာရုံ၌ ကျင်းပသည်။
ဦးစွာ ဂေါပကအဖွဲ့ဝင်များနှင့် ဘာသာရေး ဝတ်အသင်းအဖွဲ့များက ဩကာသ ကန်တော့ချိုးဖြင့် ဆရာတော်သံဃာတော်များထံမှ ၅ ပါးသီလ ခံယူဆောက်တည် ကြသည်။ ထို့နောက်အဘိဓမ္မာ(၇)ကျမ်း ပါဋိတော် ကောက်နှုတ်ချက်များကို ရွတ်ဆိုပူဇော်၍ အရပ်ဆယ်မျက်နှာ မေတ္တာပို့ဖြင့် မေတ္တာပို့သကြသည်။
ဆက်လက်၍ အကြိမ်(၁၄၀)မြောက် အသံမစဲမဟာပဋ္ဌာန်းမြတ် ရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲမင်္ဂလာ အခမ်းအနားကို ၁၀ နာရီတွင် ဥပ္ပါတသန္တိ စေတီတော်မြတ်ကြီး ရင်ပြင်တော် ဓမ္မာရုံ၌ ဆက်လက်ကျင်းပရာ အခမ်းအနားသို့ ဥပ္ပါတသန္တိ စေတီတော် ဂေါပကအဖွဲ့၏ ဩဝါဒါ စရိယဆရာတော်၊ နေပြည်တော် လယ်ဝေးမြို့ ပေါက်မြိုင်ကျောင်းတိုက် ပဓာနနာယက၊ အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တဇနိန္ဒ မထေရ်မြတ်နှင့် ဆရာတော် သံဃာတော်များ ကြွရောက်ကြပြီး သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်းနှင့်ဇနီး နေပြည်တော်တိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် ကျော်စိုးဦး၊ ဂေါပကအဖွဲ့ဝင်များ တက်ရောက်ကြသည်။
ဦးစွာ ဘဒ္ဒန္တဇနိန္ဒ မထေရ်မြတ်ထံမှ (၉)ပါးသီလ ခံယူ ဆောက်တည်ကြပြီး ဆရာတော် သံဃာတော်တို့က ပရိတ်တရားတော် ရွတ်ပွားပူဇော်ကြသည်။ ထို့နောက် ဒုတိယဝန်ကြီး ဦးအေးထွန်းနှင့်ဇနီး၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ အမြတမ်းအတွင်းဝန်၊ ဂေါပကအဖွဲ့ဝင်များ၊ ဂေါပက ရုံးဝန်ထမ်းများက ဆရာတော် သံဃာတော်များအား လှူဖွယ်ဝတ္ထု ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
ယင်းနောက် အင်းသာကျောင်းတိုက် ဆရာတော်ထံမှ ရေစက်ချ တရားနာယူ၍ ရေစက်သွန်းလောင်း အမျှပေးဝေကြပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့်ဇနီး၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဒုတိယတိုင်းမှူး၊ အမြဲတမ်းအတွင်းဝန်၊ ဂေါပကအဖွဲ့ဝင်များ၊ ဂေါပက ရုံးဝန်ထမ်းများက ဆရာတော် သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ် ပူဇော်ကြသည်။
သတင်းစဉ်