Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါ်အေးနုစိန် စစ်တွေမြို့၊ မြို့လုံးကျွတ်ဆွမ်းတော်ကြီး လောင်းလှူပွဲသို့ တက်ရောက်၊ ဆွမ်းဆန်တော်လောင်းလှူ

စစ်တွေ အောက်တိုဘာ ၉

စစ်တွေမြို့၊ မြို့လုံးကျွတ် ဆွမ်းတော်ကြီးလောင်းလှူပွဲကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ အတုလမာရဇိန် ပြည်လုံးချမ်းသာ ဘုရားကြီး၌ ကျင်းပရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဒေါ်အေးနုစိန်၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း၊ ပြည်နယ်ဝန်ကြီးများနှင့် ဌာနဆိုင်ရာများ တက်ရောက်ပြီး ဆွမ်းဆန်တော် လောင်းလှူကြသည်။

ဦးစွာ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဝင် ဒေါ်အေးနုစိန်သည် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များနှင့်အတူ အတုလမာရဇိန် ပြည်လုံးချမ်းသာ ဘုရားကြီးအား ဖူးမြော်ကြည်ညိုပြီး ပန်း၊ ဆီမီးများ ဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဝင်၊ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ် အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေး အဖွဲ့အစည်းများ၊ စေတနာရှင် အလှူရှင်များက ဆရာတော် သံဃာတော်များနှင့် သီလရှင်များအား ဆွမ်းဆန်တော်များ၊ အချိုရည်နှင့် လှူဖွယ်ဝတ္ထု ပစ္စည်းများအား စေတနာထက်သန်စွာဖြင့် ပါဝင် ကုသိုလ်ယူလှူဒါန်းကြသည်။

ဆွမ်းဆန်တော် လောင်းလှူပွဲတွင် စစ်တွေမြို့ ကျောင်းတိုက်အသီးသီးမှ ဆရာတော်၊ သံဃာတော် အပါး ၅၀၀ ကျော်နှင့် သီလရှင် ၁၀၀ ကျော်တို့သည် အတုလမာရဇိန် ပြည်လုံးချမ်းသာ ဘုရားကြီးမှ စတင်ကာဝင်္ကပါ ကွင်းတစ်ပတ် ကြွရောက်ကာ ဆွမ်းဆန်တော်များ အလှူခံကြသည်။

စစ်တွေမြို့၊ မြို့လုံးကျွတ်ဆွမ်းတော်ကြီး လောင်းလှူပွဲကို သီတင်းကျွတ် လပြည့်နေ့၌ အတုလ မာရဇိန်ပြည်လုံး ချမ်းသာ ဘုရားကြီး ဂေါပကအဖွဲ့မှ ဦးဆောင်ကာ နှစ်စဉ်ကျင်းပလျက်ရှိကြောင်း သိရသည်။

သတင်းစဉ်