နေပြည်တော် အောက်တိုဘာ ၈
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ အောက်တိုဘာ ၇ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် မြန်မာစက်မှု ဆိပ်ကမ်းကုန်သေတ္တာစစ်ဆေးရေးစခန်း၌ တာဝန်ကျအကောက်ခွန်အဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ သွင်းကုန်ကြေညာလွှာ (ID)တွင် ကြေညာထားသည်ထက် ပိုမိုပါရှိလာသောအထည်အလိပ်များ ကီလိုဂရမ် ၁၈၀၀ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၄၉၄၈၀၀)ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
သိမ်းဆည်းရမိ
အလားတူ မန္တလေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် (၁၆)မိုင် ကျောက်ချော စစ်ဆေးရေးစခန်း၌ မန္တလေးမှ အုမ္မသီး-အုမ္မခါးသို့ သွားရောက်မည့် ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်းတင်ပြနိုင်ခြင်းမရှိသည့် ပိုးသတ်ဆေးဟုယူဆရသောပစ္စည်းများ (ခန့်မှန်းတန်ဖိုးငွေ ကျပ် ၁၅၆၆၅၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသော Dong Feng Dump Truck အမျိုးအစားယာဉ်တစ်စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၂၀၀၀၀၀၀၀) (စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၃၅၆၆၅၀၀၀)ကို သိမ်းဆည်းရမိ ခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အတူ အောက်တိုဘာ ၈ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဦးဆောင်သော စစ်ဆေးရေးအဖွဲ့က မုံရွာမြို့နယ်၌ လိုင်စင်မဲ့ဆိုင်ကယ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀၀၀၀၀)နှင့် လိုင်စင်မဲ့ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၀၀၀၀၀) (စုစုပေါင်းခန့်မှန်း တန်ဖိုးငွေကျပ် ၃၂၀၀၀၀၀)ကို သိမ်းဆည်းရမိခဲ့ပြီး ပို့ကုန်သွင်းကုန် ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အပြင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနဦးဆောင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ပဲခူးခရိုင်နှင့် တောင်ငူခရိုင်များအတွင်း တရားမဝင်သစ်မျိုးစုံ ၁၂ ဒသမ ၃၈၈၀ တန် (ခန့်မှန်းတန်ဖိုးငွေ ကျပ် ၅၅၃၆၂၄၀)ကို သိမ်းဆည်းရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်ပါ၍ အောက်တိုဘာ ၇ ရက်နှင့် ၈ ရက်တို့တွင် သိမ်းဆည်းရမိမှုစုစုပေါင်းမှာ အမှုတွဲခုနစ်မှု (ခန့်မှန်း တန်ဖိုးငွေကျပ် ၄၆၈၉၆၀၄၀) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။
သတင်းစဉ်