Skip to main content

ပြည့်တန်ဆာအဖြစ်ခိုင်းစေ၍ ငွေကြေးအကျိုးအမြတ် ခေါင်းပုံဖြတ်ရယူခဲ့သူများကို လူကုန်ကူးမှုဖြင့် ထောင်ဒဏ်ချမှတ်

နေပြည်တော် အောက်တိုဘာ ၈

ပြည့်တန်ဆာအဖြစ်ခိုင်းစေ၍ ငွေကြေးအကျိုးအမြတ်ခေါင်းပုံဖြတ်ရယူခဲ့သူများကို လူကုန်ကူးမှုဖြင့်အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်ခဲ့ကြောင်း သိရသည်။

နေပြည်တော် ပုဗ္ဗသီရိမြို့နယ် သုခဒီပ ရပ်ကွက်နေ မ xxx ၁၈ နှစ်အား တစ်ရပ်ကွက်တည်းနေ မိုးမိုးထွေး (ခ) အငယ်လေး(ခ)ကတုံးမနှင့် ရီရီလွင်(ခ)မလွင်တို့က တပ်ကုန်းမြို့နယ် ခုတင် (၁၀၀၀) စစ်ဆေးရုံတွင် အဘွားကြီးတစ်ဦးကို ပြုစုရမည်/အဝတ်လျှော်ပေးရမည်၊ တစ်လလျှင် စရိတ်ငြိမ်း တစ်သိန်းရှစ်သောင်းကျပ်ရမည်ဟု ပြောဆိုစည်းရုံးပြီး တပ်ကုန်းမြို့နယ် သပြေချောင်းကျေးရွာနေ ဒေါ်တုတ်၏အိမ်သို့ပို့ဆောင်ကာ ပြည့်တန်ဆာအဖြစ် အတင်းအဓမ္မခိုင်းစေ၍ ငွေကြေးအကျိုးအမြတ် ခေါင်းပုံဖြတ်ရယူခဲ့သဖြင့် ထုံးဖိုမြို့မရဲစခန်း (ပ) ၇၉/၂၀၂၁၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥပဒေ ပုဒ်မ ၂၄/၃၂ ဖြင့် အမှုရေးဖွင့်ခဲ့ပြီး ဇေယျာသီရိခရိုင်တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ အောက်တိုဘာ ၆ ရက်တွင် တရားခံ မမိုးမိုးထွေး (ခ)အငယ်လေး (ခ)ကတုံးမနှင့် မရီရီလွင်(ခ)မလွင်တို့နှစ်ဦးကို လူကုန်ကူးမှုတားဆီး ကာကွယ်ရေးဥပဒေပုဒ်မ ၂၄ အရ အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ်စီကျခံစေရန် အမိန့်ချမှတ်ခဲ့ပြီး တိမ်းရှောင်တရားခံ မစန်းစန်းနွယ်(ခ)ဒေါ်တုတ်အား ရာဇဝတ်ကြီးကျင့်ထုံးဥပဒေ ပုဒ်မ ၈၇/၈၈ ထုတ်ဆင့်၍ တရားခံပြေးသတ်မှတ်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်