နေပြည်တော် အောက်တိုဘာ ၈
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့အင်းယားလိတ်ဟိုတယ်၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဟိုတယ်များမှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးသည်။
ထိုသို့ တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ၂၀၂၂ ခုနှစ် ဧပြီ ၁၇ ရက်မှစတင်၍ နိုင်ငံတကာ လေကြောင်းလိုင်းများကို ဖွင့်လှစ်ပေးခဲ့ပြီး e-business visa ၊ e-tourist visa များကို ခွင့်ပြုပေးခဲ့သဖြင့် ယခုအခါ နိုင်ငံပေါင်း ၇၉ နိုင်ငံမှ နိုင်ငံတကာခရီးသွားများ ဝင်ရောက်နေကြပြီဖြစ်ပါကြောင်း၊ သက်ဆိုင်ရာနိုင်ငံအသီးသီးရှိ မြန်မာနိုင်ငံဆိုင်ရာ သံရုံးများတွင်လည်း e-Visa ဖြင့် လျှောက်ထားနိုင်ရန် ခွင့်ပြုထားပါကြောင်း၊ နိုင်ငံတော်သို့ပေးသွင်းရန်ရှိသည့် ငှားရမ်းခများနှင့် အခွန်အခများကို ပုံမှန်ပေးသွင်းကြစေလိုကြောင်း၊ နိုင်ငံတော်အနေဖြင့် ရုရှားနိုင်ငံနှင့် အာဆီယံအဖွဲ့ဝင် ရှစ်နိုင်ငံသို့ဗီဇာကင်းလွတ် ခွင့်ပြုထားပါကြောင်း၊ ယခုပွင့်လင်းရာသီမှအစပြု၍ ခရီးသွားလုပ်ငန်းများ ပုံမှန်လည်ပတ်လာချိန်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဟိုတယ်များအပြင် နိုင်ငံသားပိုင်ဟိုတယ်၊ တည်းခိုရိပ်သာများနှင့် ဆက်စပ်ခရီးသွားလုပ်ငန်းများပါ အကျိုးဖြစ်ထွန်းလာမည်ဖြစ်ပါကြောင်း၊ ထို့အတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဟိုတယ်များအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်ကြစေလိုပါကြောင်း ပြောကြားသည်။
ထို့နောက် နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုဟိုတယ်များဘက်မှ တာဝန်ရှိသူတစ်ဦးကတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ဧည့်လမ်းညွှန်(အခြေခံ)သင်တန်းဖွင့်ပွဲအခမ်းအနားနှင့် ရုရှားဘာသာစကား သင်တန်းဆင်းပွဲအခမ်းအနားကို တက်ရောက် အဖွင့်အမှာစကားပြောကြားသည်။
အဆိုပါ အခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေး ရှင်းနိုင်ငံသံအမတ်ကြီး ဒေါက်တာ နစ်ကိုလေးလစ်တိုပါဒေါ့ဖ်နှင့် သံရုံးမှတာဝန်ရှိသူများ၊ ဌာနဆိုင်ရာများမှတာဝန်ရှိသူများ၊ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် ဒုတိယပါမောက္ခချုပ်နှင့် ရုရှားဘာသာစကားဌာနမှ ပါမောက္ခ/ဌာနမှူးများ၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် ညီနောင်အသင်းများမှ တာဝန်ရှိသူများ၊ ဆရာ ဆရာမများနှင့် သင်တန်းသားသင်တန်းသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ရုရှားဖက်ဒရေးရှင်းနိုင်ငံအနေဖြင့် မိမိတို့နိုင်ငံနှင့် နှစ်ကာလကြာရှည်စွာ ချစ်ကြည်ရင်းနှီးမှုရှိပြီး ယခု အခမ်းအနားကျင်းပသည့် အင်းယားလိတ် ဟိုတယ်၊ တောင်ကြီးမြို့ စဝ်စံထွန်း ဆေးရုံနှင့်ရန်ကုန်စက်မှုတက္ကသိုလ်တို့ကိုလည်း ၁၉၆၂ ခုနှစ်တွင် ရုရှားနိုင်ငံ၏ အထောက်အပံ့ဖြင့် ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် အင်းယားလိတ် ဟိုတယ်သည် ရုရှား - မြန်မာ ချစ်ကြည်ရေးအတွက် သမိုင်းအမွေအနှစ်တစ်ခုဖြစ်ကြောင်း၊ လက်ရှိတွင်လည်း ရုရှားဖက်ဒရေး ရှင်းနိုင်ငံနှင့် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးစွာဖြင့် ပိုမိုပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း၊ နှစ်နိုင်ငံချစ်ကြည်မှုနှင့်အတူ ခရီးသွားလုပ်ငန်းများလည်း ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ရုရှားဖက်ဒရေးရှင်း နိုင်ငံသံအမတ်ကြီးက ရုရှားနှင့်မြန်မာသည် ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးကို တည်ဆောက်ထားပြီး လာမည့်နှစ်တွင် ၇၅ နှစ်မြောက် စိန်ရတုနှစ်ဖြစ်ကြောင်း၊ ခရီးသွားလာရေး လုပ်ငန်းတွင်လည်း နှစ်နိုင်ငံမြှင့်တင်ရေး ဆတက်ထမ်းပိုးဆောင်ရွက်နိုင်မည်ဟု ယုံကြည်ကြောင်း၊ မကြာမီကာလတွင် ရုရှားနိုင်ငံသားများအနေဖြင့် မြန်မာနိုင်ငံ၏ အထင်ကရနေရာများကို လာရောက်ကြမည်ဖြစ်ကြောင်း၊ လာရောက်ကြသည့်အခါတွင်လည်း မြန်မာနိုင်ငံကို အထူးကြိုက်နှစ်သက်ကြမည်ဟု ယုံကြည်ကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက သင်တန်း၌ ထူးချွန်ဆုရရှိခဲ့သူများကို ဆုများချီးမြှင့်ပေးအပ်ပြီး မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေး ရှင်းနိုင်ငံသံအမတ်ကြီးက သင်တန်းသား ကိုယ်စားလှယ်တစ်ဦးအား သင်တန်းဆင်းအောင်လက်မှတ်များကို ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်