Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါ်အေးနုစိန် ဆွမ်းဆန်စိမ်းလောင်းလှူခြင်း ရေစက်ချမင်္ဂလာအခမ်းအနားနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲတက်ရောက်

စစ်တွေ အောက်တိုဘာ ၈

ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော ဝါတွင်းကာလအဖိတ်လပြည့်နေ့တိုင်း သံဃာတော်အပါး ၅၀၀ တို့အား ဆွမ်းဆန်စိမ်းလောင်းလှူခြင်း ရေစက်ချမင်္ဂလာအခမ်းအနားနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယနေ့မွန်းလွဲပိုင်းက စစ်တွေမြို့ လောကာနန္ဒာ စေတီတော်ဝင်းအတွင်းရှိ သာသနာ့ဗိမာန်တော်၌ ကျင်းပသည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါ်အေးနုစိန်၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ဝါဝါထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ စစ်တွေတပ်နယ်မှ တပ်မတော်အရာရှိကြီးများ၊ ဌာနဆိုင်ရာများ၊ အလှူရှင်များနှင့် ဖိတ်ကြားထားသူများ တက် ရောက်ကြသည်။

ဦးစွာ သာသနာ့ဗိမာန်၌ သံဃာတော်အရှင်သူမြတ်အပါး ၅၀၀ တို့အား ဆွမ်းဆန်စိမ်းလောင်းလှူခြင်း ရေစက်ချမင်္ဂလာအခမ်းအနားကို ကျင်းပရာ ပြည်နယ်ဩဝါဒါစရိယ၊ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတစစ်တွေမြို့ နန္ဒာရာမပရိယတ္တိစာသင်တိုက် ဆရာတော် ဘဒ္ဒန္တနန္ဒသိရီ မဟာထေရ်မြတ်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး သံဃာတော်အရှင်သူမြတ်များက မေတ္တသုတ်ပရိတ်တရားတော်များ ရွတ်ပွားချီးမြှင့်တော်မူကြသည်။

ဆက်လက်၍ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းက သာသနာရေးဆိုင်ရာများ လျှောက်ထားပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဝင် ဒေါ်အေးနုစိန်၊ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက သံဃာတော်အရှင်သူမြတ်များအား လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းကြသည်။

ယင်းနောက် ပြည်နယ်ဩဝါဒါစရိယ၊ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ စစ်တွေမြို့၊ ဓမ္မသုခကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တသောမမဟာထေရ်မြတ်ထံမှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်အေးနုစိန် အမှူးပြုသော ဧည့်ပရိသတ်များက အနုမောဒနာတရားနာယူကြပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်အေးနုစိန်သည် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး၊ တာဝန်ရှိသူများနှင့်အတူ လောကာနန္ဒာစေတီတော်ဝင်းအတွင်း၌ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကကြီးမှူးကျင်းပသော ဝါတွင်းကာလ အဖိတ်လပြည့်နေ့တိုင်း သံဃာတော် အပါး ၅၀၀ တို့အား တတိယအကြိမ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲသို့တက်ရောက်ပြီး သံဃာတော်အရှင်သူမြတ် အပါး ၅၀၀ တို့အား ဆွမ်းဆန်တော်များ လောင်းလှူခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်