Skip to main content

ဆန်စပါးမှထွက်ရှိသည့် စပါးခွံကို အလေအလွင့်မရှိစေဘဲ လျှပ်စစ်ထုတ်လုပ်နိုင်ရေးအတွက် လုပ်ဆောင်ပေးနိုင်သည့်အခြေအနေများ ဆွေးနွေး

နေပြည်တော် အောက်တိုဘာ ၈

ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း စပါးခွံမှ လျှပ်စစ်ထုတ်လုပ်နိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ (၁)၌ ကျင်းပသည်။

အခမ်းအနားတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်က စိုက်ပျိုးရေးကိုအခြေခံ၍ ကုန်ထုတ်စီးပွားရေးလုပ်ငန်းများကို အောင်မြင်အောင်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ဆန်စပါးမှထွက်ရှိသည့် စပါးခွံကို အလေအလွင့်မရှိစေဘဲ လျှပ်စစ်ထုတ်လုပ်နိုင်ရေးအတွက် တက်ရောက်လာသည့် ကုမ္ပဏီမှလုပ်ငန်းရှင်များအနေဖြင့် လုပ်ဆောင်ပေးနိုင်သည့်အခြေအနေများ၊ လျှပ်စစ်ထုတ်လုပ်နိုင်ရေး ဆောင်ရွက်ရမည့်နည်းလမ်းများကို ဝိုင်းဝန်းအကြံပြုဆွေးနွေးပေးစေလိုကြောင်း၊ နေပြည်တော်ကောင်စီနှင့် ဌာနဆိုင်ရာများအနေဖြင့်လည်း လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌ ဦးရဲမင်းအောင်နှင့် ကုမ္ပဏီလုပ်ငန်းရှင်များက စပါးခွံကို လျှပ်စစ်ထုတ်လုပ်နိုင်ရေး ဆောင်ရွက်မည့်လုပ်ငန်းစဉ်နှင့် လိုအပ်ချက်အခြေအနေများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက စပါးခွံကို လျှပ်စစ်ထုတ်လုပ်နိုင်ရေး သက်ဆိုင်ရာကဏ္ဍအလိုက် ပူးပေါင်းပါဝင်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက တင်ပြချက်များနှင့် စပ်လျဉ်း၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်