နေပြည်တော် အောက်တိုဘာ ၈
ယနေ့သည် ၁၃၈၄ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၁၄ ရက်၊ သီတင်းကျွတ် ရုံးပိတ်ရက်ဖြစ်သည်နှင့်အညီ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ဘုရား၊ စေတီ၊ ပုထိုးများ၌ အများပြည်သူများ စိတ်အေးချမ်းသာစွာ ဖူးမြော်ကြည်ညိုလျက်ရှိသည်။
ထိုသို့ ဖူးမြော်ကြည်ညိုလျက်ရှိရာ နေပြည်တော်ကောင်စီနယ်မြေရှိ ဥပ္ပါတသန္တိ စေတီတော်မြတ်ကြီး၊ ရန်ကုန်တိုင်းဒေသကြီးရှိ ရွှေတိဂုံ စေတီတော်မြတ်ကြီး၊ မန္တလေးမြို့ရှိ မဟာမြတ်မုနိ ရုပ်ရှင်တော်မြတ်ကြီး အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ဘုရား၊ စေတီပုထိုးများ၌ သံဃာတော်များ၊ သာသနာနွယ်ဝင် သီလရှင်များ၊ မိဘပြည်သူများက ဝါကျွတ်ကာလ အခါသမယအဖြစ် ဆီမီးများပူဇော်ခြင်းနှင့် ဖူးမြော်ကြည်ညိုခြင်းများကို ကိုဗစ်-၁၉ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီဖူးမြော် ကြည်ညိုကုသိုလ်ယူခဲ့ကြသည်။
နေပြည်တော်ကောင်စီနယ်မြေ၊ ရန်ကုန်မြို့၊ မန္တလေးမြို့နှင့် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့နယ်များမှ လမ်းများပေါ်တွင်လည်း ဘုရားဖူးပြည်သူများ၊ အပန်းဖြေခရီးသွားရောက်သူများဖြင့် စည်ကားလျက်ရှိပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပန်းခြံများ၊ အပန်းဖြေဥယျာဉ်များနှင့် ကမ်းခြေများ၌လည်း သီတင်းကျွတ်ရုံး ပိတ်ရက်လာရောက် အပန်းဖြေ အနားယူကြသူများဖြင့် အထူးစည်ကား များပြားလျက်ရှိသည်။
အလားတူ ညပိုင်းတွင်လည်း ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)ဝန်းအတွင်း၌ လမ်းများနှင့် ပန်းအလှသစ်ပင်များတွင် ရောင်စုံမီးအလှများ တပ်ဆင်ခြင်း၊ မီးရောင်စုံများ တပ်ဆင်ထားသည့် ပုံစံငယ်များဖြင့် မီးအလှများ ဆင်ယင်ထားသကဲ့သို့ နေပြည်တော်၊ ရေပန်းဥယျာဉ်တွင်လည်း ရောင်စုံမီးများတပ်ဆင်ထားပြီး လာရောက် အပန်းဖြေသူများဖြင့် စည်ကားများပြားလျက်ရှိကာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ဥယျာဉ်ပန်းခြံများနှင့် အများပြည်သူ အပန်းဖြေနေရာများတွင်လည်း ရောင်စုံမီးများဖြင့် မီးအလှများ တပ်ဆင်ထားရှိပြီး ပြည်သူများလာရောက် အနားယူ အပန်းဖြေလျက်ရှိကြောင်း သတင်းရရှိသည်။