နေပြည်တော် အောက်တိုဘာ ၈
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့နယ်မြေအတွင်း သင်တန်းများ တက်ရောက်ခဲ့ပြီး ပြစ်မှုကျူးလွန်ခြင်း မရှိခဲ့သည့် ဥပဒေဘောင်အတွင်း ဝင်ရောက်လာသော PDF အဖွဲ့ဝင်များအား ပြန်လည် ကြိုဆိုလက်ခံ၍ ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံသို့ လွှဲပြောင်းပေးအပ်လျက် ရှိသည်။
ယနေ့ နေ့လယ်ပိုင်းတွင်လည်း အနောက်မြောက်တိုင်း စစ်ဌာနချုပ်၊ နယ်မြေခံ တပ်နယ်ခန်းမ၌ ပြန်လည်ကြိုဆို လက်ခံခြင်း အခမ်းအနားကို ပြုလုပ်ရာ တပ်နယ်မှ တာဝန်ရှိသူများ၊ ခရိုင်/ မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဥပဒေဘောင် အတွင်း ဝင်ရောက်လာသူများနှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူများ တက်ရောက်ကြသည်။
ဦးစွာ တာဝန်ရှိသူများက နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေဆိုင်ရာ ပုဒ်မများကို ရှင်းလင်းဆွေးနွေးပြောကြားသည်။ ထို့နောက် ဥပဒေဘောင်အတွင်း ပြန်လည် ဝင်ရောက်ခဲ့သည့် ပြစ်မှုကျူးလွန်ခြင်း မရှိခဲ့သော စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့ရှိ PDF အဖွဲ့ဝင် အမျိုးသား ၂ ဦးကို ခံဝန်ကတိ လက်မှတ်ရေးထိုးစေကာ ထောက်ပံ့ပစ္စည်းများပေးအပ်ပြီး ၎င်းတို့၏ မိဘအုပ်ထိန်းသူများ ထံသို့ လွှဲပြောင်း အပ်နှံပေးကြသည်။
PDF အပါအဝင် အဖွဲ့အစည်း အမျိုးမျိုးတို့ အနေဖြင့် နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ်များတွင် ပါဝင်ပူးပေါင်း ဆောင်ရွက်နိုင်ရေး သတ်မှတ် စည်းကမ်းချက်များနှင့်အညီ ဥပဒေဘောင် အတွင်းသို့ လက်နက်အပ်နှံပြီး ပြည်သူ့ဘဝသို့ ပြန်လည်ဝင်ရောက်ခြင် းပြုမည်ဆိုပါက ကြိုဆိုလက်ခံသွားမည် ဖြစ်ကြောင်း နိုင်ငံတော်အစိုးရက ထုတ်ပြန်ထားပြီးဖြစ်ရာ ပြစ်မှုကျူးလွန်ခဲ့ခြင်း မရှိသော PDF အဖွဲ့ဝင်များက တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ ဥပဒေဘောင်အတွင်း ပြန်လည် ဝင်ရောက်လျက် ရှိကြသဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများက ၎င်းတို့၏ မိဘအုပ်ထိန်းသူများ ထံသို့ လွှဲပြောင်း အပ်နှံပေးလျက်ရှိကြောင်း သတင်းရရှိသည်။