Skip to main content

စပါးသီးနှံမျိုးစေ့ကဏ္ဍ ဖွံ့ဖြိုးရေးအတွက် ပုဂ္ဂလိကကဏ္ဍ၏ ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန် လိုအပ်

နေပြည်တော် အောက်တိုဘာ ၇

ပြည်တွင်း၊ ပြည်ပ ဈေးကွက်အတွက် အဓိကစိုက်ပျိုးထုတ်လုပ်လျက်ရှိသော စပါးသီးနှံ၏ အထွက်နှုန်း၊ အရည်အသွေးနှင့် အာဟာရဆိုင်ရာသုတေသန လုပ်ငန်းများ၊ စပါးသီးနှံမျိုး မွေးမြူခြင်း လုပ်ငန်းများ၊ ဗီဇသန့်စင်သော မျိုးကောင်းမျိုးသန့် ထိန်းသိမ်းခြင်း လုပ်ငန်းများအား လေ့လာရန် မြန်မာ့ဆန်စပါး ညီလာခံ- ၂၀၂၂ သို့တက်ရောက်လာကြသော မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်(UMFCCI)၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်း၊ မြန်မာနိုင်ငံ ဆန်စပါးစိုက်ပျိုးထုတ်လုပ်သူများ အသင်း၊ မြန်မာနိုင်ငံ ဆန်စက်လုပ်ငန်းရှင်များ အသင်းတို့မှ ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းက နေပြည်တော် ဇေယျာသီရိမြို့နယ်ရေဆင်းရှိ စိုက်ပျိုးရေးသုတေသနဦးစီးဌာန စပါးသီးနှံသုတေသနဗဟိုဌာန စိုက်ကွင်းများအား သွားရောက်လေ့လာကြရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးက ဖြည့်စွက် ဆွေးနွေးသည်။

ရှင်းလင်းတင်ပြ

စိုက်ကွင်းရှင်းလင်းဆောင်တွင် စိုက်ပျိုးရေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးနိုင်ကြည်ဝင်းက စပါးသီးနှံ မိဘမျိုးစေ့ထုတ်လုပ်မှု လုပ်ငန်းစဉ်များနှင့် ၂၀၁၆ ခုနှစ်မှ ၂၀၂၂ ခုနှစ်အတွင်း မိဘမျိုးစေ့ဖြန့်ဝေမှုအခြေအနေများကို ရှင်းလင်း တင်ပြသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ဘဏ္ဍာရန်ပုံငွေရရှိမှုအပေါ်မူတည်၍ ဆန်စပါးကဏ္ဍ ဖွံ့ဖြိုးရေးအတွက်လိုအပ်သော သုတေသနလုပ်ငန်းများကို စိုက်ပျိုးရေးသုတေသနဦးစီးဌာနက ဆောင်ရွက်ခြင်းဖြစ်၍ မိဘမျိုးစေ့ (Breeder Seed)ကို အဓိကထုတ်လုပ်ပေးပြီး စိုက်ပျိုးရေးဦးစီးဌာနအောက်ရှိ မျိုးစေ့ဌာနခွဲ၏ မျိုးသန့်မျိုးပွားခြံများမှ ဆင့်ပွားမျိုးစေ့(Foundation Seed)နှင့် မျိုးသန့်မျိုးပွားမျိုးစေ့ (Registered Seed) အဆင့်အထိသာ ထုတ်လုပ်ပေးနေခြင်း ဖြစ်ကြောင်း၊ စီးပွားဖြစ်မျိုးသန့်မျိုးစေ့ (Certified Seed) ဖြစ်သော ရောင်းချရန် မျိုးစေ့ထုတ်လုပ်ခြင်းကို ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းရှင်များနှင့် အကျိုးဆောင် တောင်သူများ ပူးပေါင်းဆောင်ရွက်သွားရန် လိုကြောင်း၊ သို့မှသာ မျိုးစေ့စီးဆင်းမှုလမ်းကြောင်း မှန်ကန်စေပြီး ပြည်တွင်းဆန်စပါး စိုက်ပျိုးထုတ်လုပ်မှု ဧရိယာများအားလုံး မျိုးကောင်းမျိုးသန့်သုံးစွဲမှု လွှမ်းခြုံနိုင်မည် ဖြစ်ကြောင်း၊ နည်းပညာနှင့် ပညာရှင်လူ့စွမ်းအားအရင်းအမြစ်ရှိသော မိမိတို့ဝန်ကြီးဌာနနှင့် အရင်းအနှီးရှိနေသော ပုဂ္ဂလိကအသင်းအဖွဲ့များနှင့် စီးပွားရေးလုပ်ငန်းရှင်များ ပူးပေါင်း၍ မျိုးစေ့ကဏ္ဍဖွံ့ဖြိုးရေး တိုးမြှင့်ဆောင်ရွက်နိုင်ရန် စီမံဆောင်ရွက်လျက်ရှိရာ ကျရာအခန်းကဏ္ဍမှ ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် လေ့လာရေးအဖွဲ့သည် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၏ လိုအပ်ချက်အရ စိုက်ပျိုးရေး သုတေသနဦးစီးဌာနက မိဘမျိုးစေ့ထုတ်လုပ်ရန် စိုက်ပျိုးထားရှိသော ထွန်းပု၊ ဆင်းသုခ၊ ကရင်မထိပ်ဆောင်း၊ ငစိန်ရာကျော်မျိုးများ စိုက်ပျိုးထားရှိမှုကိုလည်းကောင်း၊ ရာသီအလိုက် သီးပွင့်မှုမှ သက်တမ်းအလိုက် သီးပွင့်သောမျိုးများအဖြစ် ဇီဝနည်းပညာ အသုံးပြုပြောင်းလဲ ထားသော ပေါ်ဆန်းမွှေးနှင့် အင်းမရဲဘော် စပါးမျိုးများ မျိုးပွားစိုက်ခင်းကို လည်းကောင်း၊ အခြားသော ရာသီစပါးမျိုးများ၊ ဒေသစပါးမျိုးများ မျိုးသန့်မျိုးပွားခြင်းစိုက်ခင်းများ၊ မျိုးထိန်းစိုက်ခင်းများကို လည်းကောင်း ကြည့်ရှုလေ့လာကြရာ တာဝန်ရှိသူများက ရှင်းလင်းပြသ ကြသည်။

စပါးသီးနှံမျိုးစပါး ၁၂၈ မျိုး

စိုက်ပျိုးရေး သုတေသနဦးစီးဌာနအနေဖြင့် ၁၉၅၅ ခုနှစ်မှ ၂၀၁၄ ခုနှစ်အထိ စပါးသီးနှံမိဘမျိုး ၁၅ မျိုးကို ထုတ်လုပ်ပေးခဲ့ပြီး၊ ဆည်ရေသောက်စပါး ၃၃ မျိုး၊ မိုးရေသောက်စပါး ၃၆ မျိုး၊ ရေငတ်ခံစပါး ရှစ်မျိုး၊ ရေအနည်းလိုစပါး ကိုးမျိုး၊ တောင်ပေါ်ယာစပါး ခုနစ်မျိုး၊ ရေနက်စပါး ရှစ်မျိုး၊ ရေမြုပ်ခံစပါး သုံးမျိုး၊ ဆားငန်ခံစပါး ကိုးမျိုး၊ အရည်အသွေးကောင်းစပါး ၁၄ မျိုး၊ ရေနေခံတစ်မျိုး စုစုပေါင်း စပါးသီးနှံမျိုးစပါး ၁၂၈ မျိုးကို ထုတ်ဝေပေးပြီးဖြစ်ကြောင်း၊ ဒေသစပါးမျိုးများဆိုင်ရာ သုတေသနလုပ်ငန်းနှင့် မျိုးထုတ်ခြင်းလုပ်ငန်းကို သက်ဆိုင်ရာဒေသများရှိ သုတေသနခြံတွင် ဆောင်ရွက်လျက်ရှိပြီး ပြည်ပဈေးကွက်က တောင်းဆိုမှုရှိသော စပါးမျိုးများတိုးချဲ့စိုက်ပျိုးရေးအတွက် လိုအပ်သော မျိုးစေ့ထုတ်လုပ်ခြင်းလုပ်ငန်းနှင့် မျိုးသန့်မျိုးပွားခြင်းကို စိုက်ပျိုးရေးဦးစီးဌာနနှင့် ပုဂ္ဂလိကမျိုးစေ့ အသင်းအဖွဲ့များ၊ မျိုးစေ့လုပ်ငန်းရှင်များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 သတင်းစဉ်