မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် လုံခြုံ၍စွမ်းရည်ပြည့်ဝသော အမျိုးသားငွေပေးချေမှုစနစ်တစ်ရပ် ပေါ်ပေါက်လာစေရန် ဆောင်ရွက်လျက်ရှိရာ နည်းပညာများ တိုးတက်လာသည်နှင့်အမျှ မိုဘိုင်းငွေပေး ချေမှုများမှတစ်ဆင့် ငွေကြေးလွှဲပြောင်းဝန်ဆောင်မှုလုပ်ငန်းများကို အဆင်ပြေ ချောမွေ့စွာ အသုံးပြုနိုင်ကြပြီ ဖြစ်ပါသည်။
သို့ရာတွင် မသမာသူများမှ အချက်အလက်များ မှန်ကန်စွာဖြည့်စွက်ခြင်းမရှိဘဲ မိုဘိုင်းငွေပေးချေမှု အချို့အားအသုံးချ၍ မသမာသည့် နည်းလမ်းဖြင့် တရားမဝင် ငွေလွှဲပြောင်းမှုများနှင့် ငွေကြေးလိမ်လည်မှုများ လုပ်ဆောင်လျက်ရှိသည်ကို တွေ့ရှိရပါသည်။ ထိုသို့ငွေကြေး လိမ်လည်မှုများကြောင့် အများပြည်သူများ၏ နစ်နာဆုံးရှုံးမှုများကို ဖြေရှင်းဆောင်ရွက်ရာတွင် ဆက်သွယ်ဆောင်ရွက်သူများအနေဖြင့် ၎င်းတို့၏ ကိုယ်ရေးအချက်အလက်များအား မှန်ကန်ပြည့်စုံစွာ ဖြည့်သွင်းထားမှသာလျှင် ဖြေရှင်းဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။ ထို့အပြင် နယ်စပ်ဖြတ်ကျော် ငွေပေးချေမှုများ ဆောင်ရွက်ရာတွင်လည်း ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက် ရေးဆိုင်ရာလုပ်ငန်းစဉ်များကို လိုက်နာဆောင်ရွက်သွားရန် လိုအပ် လျက်ရှိပါသည်။
ယခုအခါ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ e-ID Biographic Registration Software နည်းပညာဖြင့် နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူနှင့် အခြားအသိအမှတ်ပြုကတ် တစ်မျိုးမျိုးကိုင်ဆောင်သူ (၅၂) သန်းကျော်အား National Database တည်ဆောက်၍ စာရင်းသွင်းပြီး ဖြစ်ပါသည်။ မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှုလုပ်ငန်းများတွင် ဆောင်ရွက်ရသည့် အီလက်ထရောနစ်စနစ်ဖြင့် ဆက်သွယ် ဆောင်ရွက်သူများအား ကောင်းစွာသိရှိခြင်း (Electronic – Know Your Customer (e-KYC)) လုပ်ငန်းစဉ်အား နိုင်ငံတကာစံနှုန်းများနှင့်အညီ မိုဘိုင်းငွေကြေးစာရင်းများတွင် ဖြည့်စွက်ထားသည့် အမည်၊ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်၊ ဆင်းမ်ကတ်နံပါတ်တို့အား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၏ National Database နှင့် တိုက်ဆိုင်စစ်ဆေးခြင်း၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၏ ဆင်းမ်ကတ်မှတ်ပုံတင်ခြင်း ဒေတာဘေ့စ်(SIM Registration Database)များရှိ အချက်အလက် များဖြင့် တိုက်ဆိုင်စစ်ဆေးခြင်းဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ထို့ကြောင့် အသုံးပြုသူများအနေဖြင့် ဆက်သွယ်ဆောင်ရွက်သူများအား ကောင်းစွာသိရှိခြင်း (KYC) အချက်အလက်များ ပြည့်စုံစွာဖြည့်စွက် သွားရန်လိုအပ်ပါသည်။ အချက်အလက်ဖြည့်သွင်းခြင်းအား သတ်မှတ်ကာလအတွင်း ဆောင်ရွက်နိုင်ခြင်းမရှိသည့် မိုဘိုင်းငွေကြေးစာရင်းများအား အပြီးတိုင်ပိတ်သိမ်းသွားမည် ဖြစ်ပါသည်။
သို့ဖြစ်၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ တရားဝင်ခွင့်ပြုချက်ဖြင့် လုပ်ငန်းဆောင်ရွက်လျက်ရှိသော ဘဏ်ဦးဆောင်မှုပုံစံဖြင့် ဆောင်ရွက်လျက်ရှိသည့် မိုဘိုင်းပေးဝန်ဆောင်မှုလုပ်ငန်းများ၊ မိုဘိုင်းဘဏ် လုပ်ငန်းဆောင်ရွက်ခွင့် ရရှိထားသော ဘဏ်များနှင့် ချိတ်ဆက်ဆောင် ရွက်နေသည့်လုပ်ငန်းများ၊ မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှု လုပ်ငန်းများ၊ ရောင်းချသူကိုယ်စား ငွေကောက်ခံ ရှင်းလင်းသည့်စနစ် ဝန်ဆောင်မှုလုပ်ငန်း စသည့်မိုဘိုင်းငွေပေးချေမှု အသုံးပြုသူများအနေဖြင့် နီးစပ်ရာကိုယ်စားလှယ် (Agent) များ/ ဘဏ်များသို့ သွားရောက်၍ မိမိတို့၏ ကိုယ်ရေးအချက်အလက်များအား အဆင့် ၂ (Level 2)အဆင့်သို့ ဆက်လက်ထုတ်ပြန်မည့် သတ်မှတ်ရက်မတိုင်မီ အဆင့် မြှင့်တင်ရန် လိုအပ်ပါသည်။ မိုဘိုင်းငွေကြေးဝန်ဆောင်မှုပေးသူများ အနေဖြင့် KYC အား Level 1 မှ Level 2 သို့ အဆင့်မြှင့်တင်နိုင်ရေးအတွက် သုံးစွဲသူများထံသို့ SMS ပေးပို့ခြင်းအား ဆောင်ရွက်ရမည်ဖြစ်ပါသည်။ အဆင့် ၂ (Level 2) သို့ တိုးမြှင့်လိုခြင်းမရှိသော မိုဘိုင်းငွေကြေး စာရင်းပိုင်ရှင်များအနေဖြင့် မိမိတို့လက်ကျန်ငွေများအား အသုံးပြုနိုင် မည့်နည်းလမ်းများကို ဘဏ်များ၊ မိုဘိုင်းငွေရေးကြေးရေး ဝန်ဆောင်မှုလုပ်ငန်းများနှင့် ဆက်သွယ်ဆောင်ရွက်ပါရန် အသိပေးအကြောင်း ကြားအပ်ပါသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်