နေပြည်တော် အောက်တိုဘာ ၅
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့မွန်းလွဲပိုင်းတွင် ပြည်တပ်နယ်နှင့် ပန်းတောင်းတပ်နယ်တို့မှ အရာရှိ၊ စစ်သည်မိသားစုဝင်များအား ပြည်တပ်နယ်ရှိနဝဒေးခန်းမ၌ တွေ့ဆုံအမှာစကား ပြောကြားသည်။
အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အတူ ဇနီး ဒေါ်ကြူကြူလှ၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများ၊ ပြည်တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ တက်ရောက်ကြသည်။
ဦးစွာနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ တာဝန်ယူပြီးနောက် ပြည်တပ်နယ်သို့ ပထမဆုံးလာခြင်းဖြစ်ကြောင်း ပြောကြားပြီး တပ်မတော်မှ နိုင်ငံရေးအရ အရေးပေါ်အခြေအနေ ကြေညာခဲ့ရကာ နိုင်ငံ့တာဝန် ထိန်းသိမ်းဆောင်ရွက်ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် တပ်မတော်အနေဖြင့် နိုင်ငံတော်၏တာဝန်များကို တာဝန်ယူ ဆောင်ရွက်နေရသည့် အချိန်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်း၍ ရှေ့လုပ်ငန်းစဉ် ၅ ရပ်၊ ဦးတည်ချက် ၉ ရပ်ကို ချမှတ်ဆောင်ရွက်လျက်ရှိပြီး နိုင်ငံရေးအရဆူပူမှုများ၊ အကြမ်းဖက်မှုများကို ဥပဒေနှင့်အညီသာ ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ခဲ့ကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားချိန်တွင် အကြပ်အတည်းများရှိခဲ့ကြောင်း၊ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများကိုလည်း အစိုးရ၊ ပြည်သူနှင့် တပ်မတော်တို့ လက်တွဲညီညီ ဝိုင်းဝန်းကြိုးပမ်း၍ အခက်အခဲများကြားမှ အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့ကြောင်း၊ ရောဂါကာကွယ်ဆေး ရရှိရေးအတွက်လည်း ပြည်ပနိုင်ငံများသို့ မိမိကိုယ်တိုင် ဆက်သွယ်၍ အမြန်ဆုံးရရှိရေး ကြိုးပမ်းဆောင်ရွက်ခဲ့ပြီး တာဝန်သိပြည်သူများ၏ ဝိုင်းဝန်းကူညီမှု၊ စည်းကမ်းလိုက်နာမှုတို့ဖြင့် ၎င်းအခက်အခဲများ၊ လိုအပ်မှုများကို ကျော်ဖြတ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း။
မိမိတို့နိုင်ငံသည် ရေမြေကောင်းများရှိပြီး စားရေရိက္ခာပေါများကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားချိန်တွင် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများနှင့် မွေးမြူရေးလုပ်ငန်းများကို ဆက်လက် ဆောင်ရွက်ခဲ့ခြင်းကြောင့် စားရေရိက္ခာများကို ပြည့်ဝစွာရရှိခဲ့ကြောင်း၊ ယခုအခါ မိမိတို့နိုင်ငံ၏ စီးပွားရေးသည် တိုးတက်ကောင်းမွန်လာပြီဖြစ်ပြီး တည်ငြိမ်အေးချမ်းရေးအတွက် ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း၊ EAO များ၏ အကြမ်းဖက်တိုက်ခိုက်မှုနှင့် PDF အမည်ခံ အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုဟူ၍ နှစ်မျိုးရှိပြီး PDF အကြမ်းဖက်တိုက်ခိုက်သူများသည် ပြည်သူများကြားမှ ပြည်သူများကို အကာအကွယ်ယူ၍ တိုက်ခိုက်နေခြင်းဖြစ်သည့်အတွက် တပ်မတော်သားများနှင့် ပြည်သူများ တစ်သားတည်းဖြစ်အောင်ဆောင်ရွက်၍ အကြမ်းဖက်မှုများကို နှိမ်နင်းရန်လိုကြောင်း၊ နဝတ၊ နယကခေတ်များတွင် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း၊ တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ချိန်တွင် အချို့သော အုပ်ချုပ်မှုဆိုင်ရာ အားနည်းချက်များရှိခြင်းကြောင့် တပ်မတော်အပေါ် အချို့သော ပြည်သူများအနေဖြင့် အမြင်မကြည်လင်မှုများ ရှိနိုင်ကြောင်း။
၂၀၁၀ ပြည့်နှစ်တွင် မိမိတပ်မတော်ကာကွယ်ရေးဦးစီးချုပ် တာဝန်ထမ်းဆောင်ချိန်၌ တပ်တည်ဆောက်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆက်လက်တိုးတက်အောင် ဆောင်ရွက်ခဲ့ပြီး စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းများကိုလည်း အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ တပ်နှင့်ပြည်သူဆက်ဆံရေး တိုးတက်ခိုင်မြဲအောင်လည်း ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ တပ်မတော်၏အဆင့်ဆင့် တိုးတက်မှုများရှိလာခြင်းကြောင့် ၂၀၁၁ - ၂၀၂၀ ဒီမိုကရေစီအစိုးရလက်ထက်တွင် တပ်မတော်နှင့်ပြည်သူများအကြား တိုးတက်လာသည့် ဆက်ဆံရေးကို မလိုလားသည့် ပြည်တွင်းပြည်ပမှ မသမာသူများကအချင်းချင်း သွေးကွဲစေရေးအတွက် သွေးထိုးလှုံ့ဆော်မှုများရှိခဲ့ကြောင်း၊ ထို့ကြောင့် လက်ရှိဖြစ်ပေါ်ခဲ့သည့် ၂၀၂၁ ခုနှစ် နိုင်ငံရေးပြောင်းလဲမှုကာလတွင် မတည်ငြိမ်မှုများ ပိုမိုဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း။
တပ်မတော်သည် နိုင်ငံတော်ကာကွယ်ရေးကို ဆောင်ရွက်သည့် အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း၊ တပ်မတော်သားများအနေဖြင့် သင်ကြားပေးထားသည့် ကာကွယ်ရေးပညာရပ်များကို အမြဲမပြတ် ပြန်လည်လေ့လာ၊ လေ့ကျင့်နေရမည်ဖြစ်ကြောင်း၊ ကျန်းမာကြံ့ခိုင်မှုရှိစေရန်အတွက်လည်း အမြဲလေ့ကျင့်နေရမည်ဖြစ်ကြောင်း၊ တပ်မတော်သားများအနေဖြင့် စည်းမျဉ်း စည်းကမ်းများအတိုင်း နေထိုင်ကြရန်လိုပြီး တပ်မတော်သားများ စည်းကမ်းကောင်းမွန်စေရေး တာဝန်ရှိသူအဆင့်ဆင့်က ကြပ်မတ်ဆောင်ရွက်နေရန်လိုကြောင်း။
ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားခဲ့မှုနှင့်ပတ်သက်၍ မိမိတို့နိုင်ငံတွင် ဒုတိယလှိုင်းဖြစ်ပွားချိန်၌ ကူးစက်မှုနှုန်းမြင့်တက်ခဲ့ကြောင်း၊ အတိုင်းအတာတစ်ခုအထိ ထိန်းသိမ်းပေးနိုင်ခဲ့ပြီး ယခုအချိန်တွင် ရောဂါကူးစက်မှုများ ပြန်လည်ဖြစ်ပေါ်လျက်ရှိသဖြင့် နေထိုင်သွားလာ စားသောက်မှုများကို ဆင်ခြင်တုံတရားဖြင့် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ကျန်းမာရေးနှင့်ညီညွတ်ပြီး ရာသီဥတုနှင့် ညီညွတ်မျှတသည့် နေထိုင်မှုများရှိရန်လိုကြောင်း၊ မိမိတို့ကိုယ်တိုင်သာမက မိသားစုဝင်များ အနေဖြင့်လည်း ကိုဗစ်-၁၉ ဆိုင်ရာ စည်းကမ်းချက်များကို လိုက်နာဆောင်ရွက်ရန်လိုကြောင်း။
ပညာရေးနှင့်ပတ်သက်၍ မိမိတို့ကိုယ်တိုင် ဗဟုသုတရစေသည့် စာပေများကို ဖတ်ရှုလေ့လာရန်နှင့် မိသားစုဝင်များကိုလည်း ပညာရည်မြင့်မားအောင် အားပေးဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပညာရည် မြင့်မားအောင်ဆောင်ရွက်ပြီး မိမိဘဝကို ရပ်တည်နိုင်အောင် ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ တပ်ရင်း/ တပ်ဖွဲ့များအလိုက် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ တတ်နိုင်သမျှ ဆောင်ရွက်ရန်လိုသကဲ့သို့ တစ်ဦးချင်းအလိုက်လည်း တစ်ပိုင်တစ်နိုင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို ဆောင်ရွက်ရန်လိုကြောင်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်မည်ဆိုပါက ပြင်ပမှဝယ်ယူစားသောက်မှုများ လျော့နည်းသွားမည်ဖြစ်သဖြင့် ငွေကုန်ကျမှုကို သက်သာစေမည်ဖြစ်ကြောင်း။
တပ်မတော်မှ နိုင်ငံတော်တာဝန်ကို စတင်ထမ်းဆောင်ချိန်တွင် နိုင်ငံ၏ငွေကြေးပြဿနာများ ဖြစ်ပေါ်စေရန်အတွက် နည်းလမ်းပေါင်းစုံဖြင့် ဝိုင်းဝန်းတိုက်ခိုက်ခဲ့မှုများရှိကြောင်း၊ စက်သုံးဆီ၊ စားသုံးဆီနှင့် ကုန်ဈေးနှုန်းများ ကျဆင်းစေရန်အတွက် နိုင်ငံတော်အနေဖြင့် ဘက်ပေါင်းစုံမှ ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ တပ်မတော်သားများ အားလုံးအနေဖြင့် လုပ်ငန်းတာဝန်များ ထမ်းဆောင်ချိန်တွင် တစ်ဦးချင်း လုပ်ဆောင်ရမည့် လုပ်ငန်းတာဝန်များကို မှန်မှန်ကန်ကန်ဖြင့် တာဝန်ကျေပွန်အောင် ဆောင်ရွက်ကြစေလိုကြောင်း၊ စစ်သည်တစ်ဦးချင်းအလိုက် စည်းကမ်းကောင်းမွန်ပြီး မိမိတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်မည်ဆိုပါက တပ်မတော်သည် စွမ်းရည်ရှိသည့် တပ်မတော်၊ စွမ်းအားရှိသည့် တပ်မတော်တစ်ရပ်အဖြစ် တည်ရှိနေမည် ဖြစ်ကြောင်းဖြင့် မှာကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အရာရှိ၊ စစ်သည်၊ မိသားစုများအတွက် စားသောက်ဖွယ်ရာပစ္စည်းများကို ပေးအပ်ရာ ပြည်တပ်နယ်မှူးက လည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဇနီးက တပ်နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းအတွက် ချီးမြှင့်ငွေများကို ပေးအပ်ရာ ပြည်တပ်နယ်မှူး၏ ဇနီးကလည်းကောင်း အသီးသီး လက်ခံရယူကြသည်။ ယင်းနောက် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးက တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအတွက် သုတရသ စာအုပ်စာစောင်များကိုပေးအပ်ရာ ပန်းတောင်းတပ်နယ်မှူးက လက်ခံရယူသည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သည် တက်ရောက်လာကြသည့် အရာရှိ၊ စစ်သည်၊ မိသားစုများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။