နေပြည်တော် အောက်တိုဘာ ၅
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇနီးဒေါ်ကြူကြူလှ၊ ခရီးစဉ်တွင် လိုက်ပါလာသည့် အဖွဲ့ဝင်များနှင့် ဇနီးများ၊ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၏ အရှေ့တောင်ဘက် ၅ မိုင်ခန့်အကွာရှိ ပျူမြို့ဟောင်းများအနက် အကြီးဆုံးဖြစ်သည့် သရေခေတ္တရာမြို့ဟောင်း ကမ္ဘာ့အမွေအနှစ်ဒေသသို့ သွားရောက်၍ ရှေးဟောင်းအမွေအနှစ် ထိန်းသိမ်းထားရှိမှုများကို သွားရောက်ကြည့်ရှု စစ်ဆေးသည်။
ဦးစွာနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် သရေခေတ္တရာမြို့ဟောင်းသို့ ရောက်ရှိကြရာ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် ရှေးဟောင်းသုတေသနနည်းပညာသင်တန်း ကျောင်းဧည့်ခန်းမဆောင်၌ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုနှင့် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သိန်းလွင်တို့က သရေခေတ္တရာ ကမ္ဘာ့အမွေအနှစ် ဒေသဆိုင်ရာများ၊ သရေခေတ္တရာမြို့ဟောင်းနှင့် ပျူတို့ဖြစ်ပေါ်လာခဲ့သည့် သမိုင်းကြောင်းဆိုင်ရာများ၊ မြို့ဟောင်းများ တူးဖော်၍ ထိန်းသိမ်းဆောင်ရွက်ခဲ့မှု အခြေအနေများ၊ ဟန်လင်း၊ ဗိဿနိုး၊ သရေခေတ္တရာမြို့ဟောင်းများကို ကမ္ဘာ့အမွေအနှစ်ဒေသအဖြစ် သတ်မှတ်နိုင်ရေး တူးဖော်တွေ့ရှိသည့် မူလအတိုင်းထိန်းသိမ်း၍ သတ်မှတ်စံနှုန်းများနှင့် ကိုက်ညီအောင် ထိန်းသိမ်းဆောင်ရွက်ခဲ့မှုများနှင့် ကမ္ဘာ့အမွေအနှစ် ဒေသအဖြစ် သတ်မှတ်ခံခဲ့ရမှုများ၊ တူးဖော်ရရှိသည့် ရှေးဟောင်းအမွေအနှစ် လက်ရာများကို သုတေသနပြု လေ့လာချက်များအရ ဘာသာ၊ စာပေ၊ ကိုးကွယ်မှု၊ ဝတ်စားဆင်ယင်မှုနှင့် ဓလေ့စရိုက် ယေဘူယျလက္ခဏာများ၊ ယဉ်ကျေးမှုဆိုင်ရာ အဆင့်ဆင့်ပြောင်းလဲလာမှု၊ ဒေသတစ်ခုနှင့်တစ်ခု ဆက်စပ်မှု စသည်တို့ကို ဖော်ထုတ်ရရှိမှုများ၊ ရှေးဟောင်းသုတေသန နည်းပညာသင်တန်းကျောင်းမှ ဘာသာရပ်ဆိုင်ရာ သင်ကြားပို့ချနေမှုများ၊ ရှေးဟောင်းယဉ်ကျေးမှု လက်ရာများ တူးဖော်မှုမှတ်တမ်းများ၊ အကြောင်းအမျိုးမျိုးကြောင့် ပျက်စီးနိုင်မည့် အခြေအနေများမှ ထိန်းသိမ်းစောင့်ရှောက်လျက်ရှိမှု၊ စုဆောင်းရရှိသည့် ရှေးဟောင်း အမွေအနှစ်လက်ရာများအား ပြည်တွင်း၊ ပြည်ပမှ လာရောက်လေ့လာသူများ ကြည့်ရှုလေ့လာနိုင်ရေး သီရိခေတ္တရာပြတိုက်အတွင်း ပြကွက်၊ ပြခင်းများဖြင့် စနစ်တကျ ပြသထားရှိမှု၊ ကမ္ဘာ့အမွေအနှစ် သရေခေတ္တရာ ယဉ်ကျေးမှုဇုန်အတွင်း တရားမဝင် အဆောက်အဦများနှင့် တရားမဝင်နေထိုင်မှုများ မရှိစေရေးအတွက် တာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိမှု စသည်တို့ကို မှတ်တမ်းအထောက်အထားများဖြင့် ရှင်းလင်းတင်ပြသည်။
တင်ပြချက်များနှင့် စပ်လျဉ်း၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ပျူနှင့်ပတ်သက်၍ ဗိဿနိုး၊ ဟန်လင်းတို့တွင် တူးဖော်ရရှိသည့် ရှေးဟောင်းပစ္စည်းများအရ ရှေးခေတ်ပျူတို့၏ လက်မှုပညာ အဆင့်အတန်း မြင့်မားမှုကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ ထို့ပြင် ပျူခေတ် ဝတ်စားဆင်ယင်မှုများကိုလည်း ပြန်လည်ဖော်ထုတ်ရန်လိုကြောင်း၊ ယနေ့ခေတ်တွင် ပျူမျိုးဆက်များနှင့် ပတ်သက်၍လည်း သုတေသနပြုရန်လိုကြောင်း၊ ယဉ်ကျေးမှုအရ ပြည်တွင်း ပြည်ပခရီးသွားများ လာရောက်လေ့လာခြင်းဖြင့် ပြည်ဒေသဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူ ဖြစ်စေမည်ဖြစ်သဖြင့် ရှေးဟောင်းအမွေအနှစ်များကို စနစ်တကျ ထိန်းသိမ်းကြရန်လိုကြောင်း၊ တူးဖော်ရရှိသည့် ရှေးဟောင်းအမွေအနှစ် လက်ရာများ၊ ဘုရား၊ စေတီများ၊ အဆောက်အဦများ ထိန်းသိမ်းထားရှိမှုကို နောင်လာနောက်သားများ အထောက်အထားရရှိစေရေးအတွက် ဓာတ်ပုံမှတ်တမ်းများ၊ စာအုပ်စာတမ်းများဖြင့် ခုနှစ်၊ သက္ကရာဇ်အလိုက် စနစ်တကျ မှတ်တမ်းထားရှိရန်လိုကြောင်း၊ ဓာတ်ပုံမှတ်တမ်းများ ရယူရာတွင်လည်း အရည်အသွေး ကောင်းမွန်မြင့်မားသည့် ဓာတ်ပုံများဖြစ်ရန်လိုပြီး ကွန်ပျူတာစနစ်ဖြင့်လည်း စနစ်တကျ မှတ်တမ်းထားရှိရန်လိုကြောင်း၊ ယခင်က မိမိတို့နိုင်ငံသူ၊ နိုင်ငံသားတို့၏ သမိုင်းကြောင်း အစဉ်အလာမြင့်မားမှုများသည် စနစ်တကျ မှတ်တမ်းရေးမှတ်ထားခြင်းမရှိသဖြင့် ပျောက်ပျက်ခဲ့ရသည်များ များစွာရှိခဲ့ကြောင်း၊ ထို့ကြောင့် မိမိတို့၏ သမိုင်းကြောင်းဆိုင်ရာများကို စာအုပ်စာတမ်းများဖြင့် မှတ်တမ်းထားရှိခြင်း၊ ကွန်ပျူတာစနစ်ဖြင့် သိမ်းဆည်းခြင်းတို့ဖြင့် စနစ်တကျ မှတ်တမ်းထားရှိသွားရန်လိုကြောင်း၊ အိန္ဒိယနိုင်ငံ၊ ဗီဇကာပတ်တနန်မြို့တွင်လည်း ရှေးဟောင်းယဉ်ကျေးမှုဆိုင်ရာ နေရာတစ်ခုရှိပြီး ၎င်းတို့တူးဖော်ရရှိထားသည့် အဆောက်အဦများ၊ စေတီပုထိုးများ၊ ရှေးဟောင်းပစ္စည်းများသည် မိမိတို့နိုင်ငံရှိ ဟန်လင်း၊ ဗိဿနိုး၊ သရေခေတ္တရာ မြို့ဟောင်းများတွင် တူးဖော်ရရှိထားသည့် လက်ရာများနှင့်များစွာ တူညီမှုရှိကြောင်း၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ရှေးဟောင်းယဉ်ကျေးမှုဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် သွားရောက်လေ့လာပြီး သမိုင်းကြောင်းတွေ့ရှိမှုများကို သုတေသနပြု ဆောင်ရွက်ရန်လိုကြောင်း၊ ရာဇကုမာရ်ကျောက်စာတွင် ဗမာစာပေကို အမှီပြု၍ မွန်၊ ပျူ၊ ပါဠိဘာသာများဖြင့် ထပ်မံဘာသာပြန်ဆို ရေးထိုးထားသည်ကို တွေ့ရှိရသဖြင့် ပုဂံခေတ်တွင် မွန်၊ ပျူ၊ ဗမာ တို့၏ စပ်ဆက်မှုများ၊ ပျူတို့၏ယဉ်ကျေးမှုများကို သုတေသနပြု ဖော်ထုတ်ရန်လိုကြောင်း။
ကမ္ဘာ့အမွေအနှစ် သရေခေတ္တရာယဉ်ကျေးမှုဇုန် တစ်ခုလုံးအား ခြုံငုံမြင်တွေ့လေ့လာ၍ ရနိုင်သည့် View Point မျှော်စင်တစ်ခုကို စည်းမျဉ်း စည်းကမ်းများနှင့်အညီ ဆောက်လုပ်နိုင်မည့် အခြေအနေများနှင့် အဓိကကျသည့် ရှေးဟောင်းယဉ်ကျေးမှုနေရာများအား Protection Area အဖြစ် ကာရံနိုင်မည့် အခြေအနေများ၊ ယဉ်ကျေးမှုနယ်မြေအား နိုင်ငံတကာအဆင့်ရှိသည့် ယဉ်ကျေးမှုတစ်ခုဖြစ်အောင် ဆောင်ရွက်ရမည်ဖြစ်ပြီး နိုင်ငံတကာမှ သမိုင်းကို လာရောက်လေ့လာသူများ ကမ္ဘာ့အဆင့်မီ ကြည့်ရှုလေ့လာနိုင်ရေး ဆောင်ရွက်ရန်လိုကြောင်း၊ မြန်မာ့သမိုင်းကို ခိုင်ခိုင်မာမာအဆင့်ရှိရှိ ပြသနိုင်သည့် ကမ္ဘာ့အဆင့်မီ ယဉ်ကျေးမှုဇုန် ဖြစ်ရမည်ဖြစ်ကြောင်း၊ ရှေးဟောင်းယဉ်ကျေးမှုဇုန်များသည် ခရီးသွားလုပ်ငန်းအတွက် အရေးကြီးသည့် နေရာများဖြစ်ပြီး လာရောက်လေ့လာသူ များပြားလာပါက ဖြစ်ပေါ်လာနိုင်မည့် ပို့ဆောင်ရေးလုပ်ငန်းများ၊ ဈေးဆိုင်များ စနစ်တကျ ဖြစ်စေရေးအတွက်လည်း ကြိုတင်စီမံထားရန်လိုကြောင်း၊ ထိုကဲ့သို့ နိုင်ငံတကာမှ လာရောက်လေ့လာသည့် ပညာရှင်များ၊ ဝါသနာရှင်များမှတဆင့် မြန်မာ့သမိုင်းကို ကမ္ဘာ၌ ထည်ဝါစေရမည်ဖြစ်ကြောင်း၊ ရှေးဟောင်းသုတေသန နည်းပညာသင်တန်းကျောင်းအနေဖြင့် သမိုင်းကြောင်းဆိုင်ရာ သင်ကြားမှုများကို စဉ်ဆက်မပြတ် ဆောင်ရွက်သွားရမည်ဖြစ်ပြီး လိုအပ်သည်များကို နိုင်ငံတော်မှ ကူညီဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဇနီးနှင့် အဖွဲ့ဝင်များသည် သရေခေတ္တရာ ယဉ်ကျေးမှုဇုန်အတွင်းရှိ သီရိခေတ္တရာပြတိုက်အတွင်း ခင်းကျင်းပြသထားသည့် အဆင်တန်ဆာနှင့် အသုံးအဆောင်များဆိုင်ရာ ပြခန်း၊ စာပေနှင့် ကိုးကွယ်ယုံကြည်မှုဆိုင်ရာပြခန်း၊ ရှေးခေတ်အသုံးအဆောင် ပစ္စည်းများ၊ စာပေဆိုင်ရာ အထောက်အထားများ၊ ပျူခေတ်အုတ်များ၊ ဗိသုကာလက်ရာများနှင့် ပျူခေတ် အသုံးအဆောင်ပစ္စည်းများ စသည့် ပြကွက်များကို တစ်ခုချင်းအသေးစိတ် စိတ်ဝင်တစား ကြည့်ရှုလေ့လာခဲ့ပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် သမိုင်းအထောက်အထားများအား စနစ်တကျ ထိန်းသိမ်းထားရှိရန်၊ ပြတိုက်အတွင်း ခင်းကျင်းပြသထားသည့် ဓာတ်ပုံများနှင့် ခုနှစ်၊ သက္ကရာဇ်များ၊ တူးဖော်ရရှိသည့် နေရာများကို အလွယ်တကူ လေ့လာသိရှိနိုင်ရေးအတွက်လည်း ရှင်းလင်းစွာ စာတန်းထိုးထားရန်လိုကြောင်း၊ ပျူစာဖြင့် ရေးထိုးထားသည့် ကျောက်စာများကို သမိုင်းပညာရှင်များဖြင့် ဘာသာပြန်ဆို၍ အများပြည်သူလေ့လာနိုင်ရေး ထားရှိရန်လိုကြောင်း၊ ရှေးခေတ်လက်ရာ ဒင်္ဂါးပြားများ၊ လက်ဝတ်ရတနာများကို အနီးကပ်ကြည့်ရှုလေ့လာနိုင်ရေး ခေတ်မီနည်းစနစ်များ အသုံးပြု၍ LED Screen များဖြင့် လေ့လာကြည့်ရှုနိုင်အောင် ဆောင်ရွက်ပေးထားရန်လိုကြောင်း၊ Digital Museum အဖြစ် အဆင့်မြှင့်တင်နိုင်ရေး ဆောင်ရွက်ရန်နှင့် အခြားလိုအပ်သည်များကို မှာကြားသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် သီရိခေတ္တရာပြတိုက် ဧည့်သည်တော်မှတ်တမ်းတွင် လက်မှတ်ရေးထိုးသည်။ ထို့နောက် သရေခေတ္တရာ ယဉ်ကျေးမှုဇုန်အတွင်းရှိ နန်းတော်ရာနေရာသို့ သွားရောက်၍ ထိန်းသိမ်းထားရှိမှုများအား ကြည့်ရှုစစ်ဆေးပြီး နန်းတော်ရာတွင်ရှိနေသည့် ကျုံး ပြန်လည်တူးဖော်ရန် မှာကြားသည်။ ဆက်လက်၍ ရှေးဟောင်းသမိုင်းဝင် ဘောဘောကြီးစေတီသို့ သွားရောက်ဖူးမြော်ကြည်ညိုပြီး ပန်း၊ ရေချမ်း ကပ်လှူပူဇော်သည်။ ယင်းနောက် စေတီတော်ကြီး ဘက်စုံပြုပြင်မွမ်းမံရန် အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ပြီး အမှတ်တရ စုပေါင်းဓာတ်ပုံ ရိုက်ကြသည်။
အဆိုပါ သရေခေတ္တရာမြို့ဟောင်းသည် မြန်မာနိုင်ငံတွင်ရှိသည့် ပျူမြို့ဟောင်းများအနက် အကြီးဆုံးနှင့် သက်တမ်းအရှည်ဆုံးမြို့ဖြစ်ပြီး သရေခေတ္တရာဟူသော အမည်သည် “ကျက်သရေ မင်္ဂလာအပေါင်းနှင့် ပြည့်စုံသောမြို့” ဟု အဓိပ္ပါယ်ရကြောင်း၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ အရှေ့တောင်ဘက် ၅ မိုင်ခန့်အကွာ မှော်ဇာရွာတွင် တည်ရှိပြီး သရေခေတ္တရာမြို့ဟောင်းသည် အဝန်းအဝိုင်းပုံသဏ္ဍာန်ရှိကာ မြို့ရိုးသည် အရှည် ၁၄ ကီလိုမီတာ၊ အကျယ် ၄ မီတာနှင့် အမြင့် ၁၀ မီတာရှိကြောင်း၊ မြို့ဟောင်းအတွင်း မှော်ဇာရွာအပါအဝင် ကျေးရွာပေါင်း ၁၇ ရွာ ပါဝင်ကြောင်း၊ ဒေသရာဇဝင်များအဆိုအရ သရေခေတ္တရာမြို့တည်ပုံမှာ သာသနာတော်သက္ကရာဇ် (၁၀၁)ခုနှစ်တွင် ဂဝံပတိရသေ့၊ သိကြား၊ ဂဠုန်၊ နဂါး၊ ဂမ္ဘာန်၊ စန္ဒီ၊ ပရမေသုရာ စသည့် သူမြတ် ၇ ဦးတို့သည် မြတ်စွာဘုရား ဗျာဒိတ်တော်ရှိသည်နှင့်အညီ မြို့ကိုတည်အံ့သော အကြောင်းကို စုရုံးတိုင်ပင်ကြ၍ သာယာညီညွတ်လှစွာသော မြေအပြင်ဝယ် သိကြားမင်းသည် စက်တိုင်၌ ရပ်နေပြီးလျှင် နဂါးကိုစက်ကြိုးပြု၍ ပတ်စေခဲ့ကြောင်း၊ ထိုအဝန်းအဝိုင်းကိုပင် သရေခေတ္တရာမြို့တော်၏ ပမာဏအဖြစ် စတင်တည်ထောင်ခဲ့ပြီး ဒွတ္တပေါင်မင်းကြီးကို နန်းတင်မြှောက်ခဲ့သည်ဟု အဆိုရှိခဲ့ကြောင်း၊ သရေခေတ္တရာမြို့ဟောင်းသည် ပျူတိုက်၊ သင်္ချိုင်း၊ ကုန်း၊ စေတီ၊ ဂူဘုရား၊ နန်းတော်၊ မြို့ဝင်ပေါက်၊ ကျုံး၊ မြို့ရိုးကဲ့သို့သော အဆောက်အဦ အကြွင်းအကျန်များနှင့်အတူ လက်ရှိအချိန်အထိ လူနေထိုင်ဆဲ မြို့ပြတစ်ခုဖြစ်ကြောင်း၊ မြို့ဟောင်းတူးဖော်မှုလုပ်ငန်းနှင့် ကွင်းဆင်းသုတေသနလုပ်ငန်းများကို ၁၉၀၇ ခုနှစ်မှစတင်၍ ယခုအချိန်အထိ ရှေးဟောင်းသုတေသနဦးစီးဌာနက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။