Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြည်မြို့ကျက်သရေဆောင် လေးဆူဓာတ်ပျော်ရွှေဆံတော်စေတီတော်မြတ်ကြီးအား သွားရောက် ဖူးမြော်ကြည်ညို

နေပြည်တော် အောက်တိုဘာ ၄

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇနီး ဒေါ်ကြူကြူလှ၊ ခရီးစဉ်တွင် လိုက်ပါလာသည့် အဖွဲ့ဝင်များနှင့် ဇနီးများ၊ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့ညနေပိုင်းတွင် ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ကျက်သရေဆောင် လေးဆူဓာတ်ပျော်ရွှေဆံတော် စေတီတော်မြတ်ကြီးအား သွားရောက်ဖူးမြော်ကြည်ညိုသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ရွှေဆံတော်စေတီတော်မြတ်ကြီးသို့ ရောက်ရှိကြရာ ဂေါပကအဖွဲ့ဝင် ဦးစိုးဝင်းနှင့် အဖွဲ့ဝင်များက ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် စေတီတော်ကြီးရှိ နှီးဘုရားဗုဒ္ဓရုပ်ပွားတော်မြတ်အား ဖူးမြော်ကြည်ညိုကာ ပန်း၊ ရေချမ်း၊ ဆီမီး ကပ်လှူပူဇော်သည်။ ယင်းနောက် စေတီတော်ကြီးသမိုင်းပြတိုက်အတွင်း လှည့်လည်ကြည့်ရှုပြီး သမိုင်းမှတ်တမ်းများအား စနစ်တကျ ထိန်းသိမ်းရန်နှင့် ပြတိုက်အား ပြန်လည်မွမ်းမံရန် လိုအပ်သည့်အခြေအနေများနှင့် ပတ်သက်၍ တာဝန်ရှိသူများအား မှာကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် စေတီတော်မြတ်ကြီးအား လက်ယာရစ် လှည့်လည်ဖူးမြော်ကြည်ညိုပြီး ရှေးဟောင်းလက်ရာများအား ပြုပြင်ထိန်းသိမ်းရာတွင် မူလလက်ရာမပြတ် ပြုပြင် ထိန်းသိမ်းသွားရန်မှာကြားပြီး စေတီတော်ကြီးရှိ ခေါင်းလောင်းတော်အား ၅ ချက်ထိုး၍ပူဇော်သည်။ ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ပြည်မြို့ကျက်သရေဆောင် လေးဆူဓာတ်ပျော်ရွှေဆံတော် စေတီတော်မြတ်ကြီး ဧည့်သည်တော်မှတ်တမ်း စာအုပ်တွင် လက်မှတ်ရေးထိုးပူဇော်ပြီး စေတီတော်ကြီးအတွက် ဘက်စုံအလှူငွေများကို ပေးအပ်လှူဒါန်းရာ ဂေါပကအဖွဲ့ဝင်များက လက်ခံ ရယူခဲ့ကြကြောင်း သတင်းရရှိသည်။