မန္တလေး အောက်တိုဘာ ၂
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကိုတို့သည် ယနေ့မွန်းလွဲပိုင်းတွင် မန္တလေးစက်မှုဇုန်ရှိ ဒုံးပျံဂျုံစက်နှင့် တိုးပွားမန်း ဓာတ်မြေဩဇာစက်ရုံများသို့ သွားရောက်ကြည့်ရှု အားပေးသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး၊ မန္တလေးတိုင်း ဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မန္တလေးစက်မှုဇုန်ရှိ ဒုံးပျံဂျုံစက်သို့ ရောက်ရှိကြရာ ရှင်းလင်းဆောင်၌ ဒိုင်းမွန်းစတားကုမ္ပဏီလီမိတက် မန္တလေးစက်ရုံတာဝန်ခံ ဦးခွန်အောင်ဆန်းက စက်ရုံ သမိုင်းကြောင်းနှင့် စက်စွမ်းအား၊ ဝန်ထမ်းအင်အားနှင့် ဖွဲ့စည်းပုံ၊ နှစ်အလိုက် တိုးမြှင့် ထုတ်လုပ်နိုင်မှုနှင့် ဖြန့်ချိမှု၊ ပြည်ပမှတင်သွင်းမှုနှင့် ဈေးကွက်ယှဉ်ပြိုင် ရောင်းချနေမှုများကို ရှင်းလင်းတင်ပြရာ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်က အကြံပြုချက်နှင့်အတူ လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးသည်။
စက်မှုဇုန်များ ဖွံ့ဖြိုးတိုးတက်ရေး
ထို့နောက် ပြည်ထောင်စုဝန်ကြီးက အသေးစား၊ အငယ်စားနှင့် အလတ်စား စက်မှုလုပ်ငန်း၊ MSME များသည် နိုင်ငံ့စီးပွားရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာ အထောက်အကူပြုမည်ဖြစ်၍ အလေးထားပြီးဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားထား ပါကြောင်း၊ နိုင်ငံတော်မီဒီယာအနေဖြင့် စက်မှုဇုန်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်း ဆောင်ရွက်မှုအခြေအနေများကို ကျယ်ကျယ်ပြန့်ပြန့်ဖြစ်လာစေရေး ကြိုးပမ်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြောကြားပြီး မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်က စက်မှုဇုန် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံအဆောက်အအုံဆိုင်ရာများကို အလေးထားဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စက်ရုံအတွင်းလှည့်လည်ကြည့်ရှုရာ တာဝန်ရှိသူများက လုပ်ငန်း ဆောင်ရွက်ပုံအဆင့်ဆင့်အား ရှင်းလင်းတင်ပြကြသည်။
ဒုံးပျံဂျုံစက်(မန္တလေး) အနေဖြင့် အဆင့်မြင့်ဂျုံမှုန့်များကို ၁၉၈၀ ပြည့်နှစ်မှစ၍ တစ်နေ့လျှင် ၂ ဒသမ ၅ တန်နှုန်းဖြင့် ထုတ်လုပ်ခဲ့ရာမှ ၁၉၈၃ ခုနှစ်တွင် တစ်နေ့လျှင် ၁၅ တန်နှုန်း၊ ၁၉၉၄ ခုနှစ်တွင် တစ်နေ့လျှင် တန် ၄၀ နှုန်း၊ ၂၀၀၄ ခုနှစ်တွင် တန် ၂၀၀ နှုန်းသို့ တိုးမြှင့်ထုတ်လုပ်ခဲ့ကြောင်း၊ ၂၀၁၈ ခုနှစ် ဇန်နဝါရီလမှစ၍ တစ်နေ့လျှင် တန် ၂၂၀ နှုန်းဖြင့် ထပ်မံတိုးမြှင့်၍ ထုတ်လုပ်လျက်ရှိပြီး ရန်ကုန်မြို့ရှိစက်ရုံမှလည်း တစ်နေ့လျှင် တန် ၉၆၀ နှုန်းဖြင့် ထုတ်လုပ်လျက်ရှိရာ စုစုပေါင်း တစ်နေ့လျှင် တန် ၁၁၈၀ နှုန်းဖြင့် ထုတ်လုပ်နေခြင်း ဖြစ်ကြောင်း၊ ၎င်းစက်ရုံ အနေဖြင့် ၂၀၁၅ ခုနှစ် မန္တလေးစက်မှုဇုန် ထူးချွန်ဆုကိုလည်း ရရှိထားကြောင်းနှင့် ၎င်းတို့စက်ရုံထုတ် ဂျုံမှုန့်များကို တစ်နိုင်ငံလုံးသို့ ဖြန့်ချိလျက်ရှိရာ နိုင်ငံ၏ ၉၀ ရာခိုင်နှုန်းကျော် လွှမ်းခြုံဖြန့်ချိနိုင်ပြီ ဖြစ်ကြောင်း သိရသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တိုးပွားမန်း ဓာတ်မြေဩဇာစက်ရုံသို့ သွားရောက်ကြပြီး လှည်းယဉ် ကွန်ပေါင်း ဓာတ်မြေဩဇာအမည်ဖြင့် အချိုးမြင့်၊ အချိုးလတ်၊ အချိုးနိမ့် ဓာတ်မြေဩဇာများ၊ ဖော့စဖိတ်ဓာတ်မြေဩဇာ၊ ရော်ဘာအထူး ဓာတ်မြေဩဇာနှင့် ပုလဲအစားထိုး ဓာတ်မြေဩဇာများ ထုတ်လုပ်မှုလုပ်ငန်းစဉ်အဆင့်ဆင့်နှင့် ကုန်ကြမ်းများ ပြည်ပမှ မှာယူ တင်သွင်း သိုလှောင်ထားမှု အခြေအနေများကို လှည့်လည်ကြည့်ရှုပြီး(အပေါ်ပုံ) သိရှိလို သည်များ မေးမြန်းမှုအပေါ် စက်ရုံမှ တာဝန်ရှိသူများက ရှင်းလင်းဖြေကြားကြသည်။
သတင်းမှန်များ လျင်မြန်စွာထုတ်ပြန်
ထို့နောက် စက်ရုံရှင်းလင်းဆောင်၌ လှည်းယဉ်တံဆိပ် ကွန်ပေါင်းဓာတ်မြေဩဇာ စက်ရုံ တည်ဆောက်ရခြင်း ရည်ရွယ်ချက်နှင့် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို တိုးပွားမန်းကုမ္ပဏီမှ ဒါရိုက်တာ ဦးအောင်ကျင်က ဦးစွာရှင်းလင်းတင်ပြပြီး မန်နေဂျင်း ဒါရိုက်တာ ဦးဆွမ်ချီက လိုအပ်သည်များ ဖြည့်စွက်ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ကုန်ထုတ်လုပ်မှုကိုအခြေခံသည့် စက်မှုဇုန်များဖြစ်လာစေရေး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားထားပါကြောင်း၊ ယခုအခါ နိုင်ငံ့ဖွံ့ဖြိုးတိုးတက်မှုကို မလိုလားသူများက လူမှုမီဒီယာနည်းလမ်းဖြင့် သတင်းတု၊ သတင်းမှားများ လုပ်ကြံ ထုတ်လွှင့်ပြီး တည်ငြိမ်မှုပျက်ပြားစေရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတော်မီဒီယာ အနေဖြင့် သတင်းမှန်များ လျင်မြန်စွာထုတ်ပြန်ရေး ဆောင်ရွက်နေမှုနှင့်အတူ ယခုကဲ့သို့ ပြည်တွင်းထုတ်ကုန်များ တိုးတက်ထုတ်လုပ်ခြင်းနှင့် ပြည်ပမှသွင်းကုန်များ လျှော့ချနိုင်ခြင်း လုပ်ငန်းများ တိုးတက်ဆောင်ရွက်နိုင်မှု အခြေအနေများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်ဖြင့် သိရှိနားလည်နိုင်ရန် ထုတ်ပြန်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်က စက်မှုဇုန်အတွင်း အခြေခံ အဆောက်အအုံပိုင်းဆိုင်ရာများ ဖြည့်ဆည်းဆောင်ရွက်ပေးမှုနှင့်အတူ စက်မှုဇုန်အတွင်း သန့်ရှင်းရေးနှင့် ရေစီးရေလာကောင်းမွန်ရေးတို့အတွက် စည်ပင်သာယာအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ရန် မှာကြားသည်။
နိုင်ငံတစ်ဝန်းသို့ ဖြန့်ချိ
လှည်းယဉ်တံဆိပ် ကွန်ပေါင်းဓာတ်မြေဩဇာစက်ရုံကို စွန့်ပစ်ရေဆိုးများ သန့်စင်မှုနှင့်အတူ မြေဆွေးအာဟာရ ဓာတ်မြေဩဇာ ပြောင်းလဲထုတ်လုပ်နိုင်ရန်၊ တောင်သူလယ်သမားများ၏ လူမှုစီးပွားတိုးတက်လာစေရေး အထွက်နှုန်းမြှင့်တင်နိုင်ရန်နှင့် ကမ္ဘာ့အဆင့်မီ စိုက်ပျိုးရေး သွင်းအားစုများ ထုတ်လုပ်ဖြန့်ချိနိုင်ရန် ရည်ရွယ်ချက်များဖြင့် ၂၀၀၂ ခုနှစ်က မန္တလေးစက်မှုဇုန်တွင် စတင်ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ပြည်ပမှ နိုက်ထရိုဂျင်၊ ဖော့စဖိတ်နှင့် ပိုတက်ဆီယံ ကုန်ကြမ်းများတင်သွင်း၍ ပေါင်းစပ်ထုတ်လုပ်ကာ နိုင်ငံတစ်ဝန်းသို့ ဖြန့်ချိနေကြောင်း သိရသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်တို့သည် မန္တလေးမြို့ရှိ မဟာမြတ်မုနိဘုရားကြီးသို့ သွားရောက်ဖူးမြော်ပြီး ပန်း၊ ရေချမ်းနှင့် ရွှေသင်္ကန်းများ ကပ်လှူပူဇော်ကြကာ ဘုရားဖူးပြည်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက် သည်။ ဆက်လက်၍ မန္တလေးမြို့ အောင်မြေသာစံမြို့နယ်ရှိ မဟာလောကမာရဇိန် ကုသိုလ်တော်ဘုရားသို့ သွားရောက်ဖူးမြော်ပြီး စေတီတော်ကြီး၏ ရင်ပြင်တော်ပတ်လည်နှင့် ကျောက်စာပတ်လမ်းတို့တွင် နေပူခံစကျင်ကျောက်ပြားခင်းခြင်း လုပ်ငန်းများ ဆောင်ရွက်ပြီးစီးနေမှုနှင့် ဘုရားဖူးပြည်သူများ စိတ်အေးချမ်းသာစွာ လာရောက်ဖူးမြော် နေမှုအခြေ အနေများကို လှည့်လည်ကြည့်ရှုကြသည်။
မဟာလောကမာရဇိန် ကုသိုလ်တော်ဘုရားကြီး ရင်ပြင်တော်ပတ်လည်နှင့် ကျောက်စာပတ်လမ်းတို့တွင် နေပူခံ စကျင်ကျောက်ပြားခင်းခြင်းလုပ်ငန်းကို နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှုအရ ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၄ ရက်မှ စတင် ဆောင်ရွက်ခဲ့ရာ ၂၀၂၂ ခုနှစ် ဇူလိုင် ၂၀ ရက်တွင် လုပ်ငန်းများပြီးစီးခဲ့ကြောင်း၊ တစ်ပေပတ်လည် ထုတစ်လက်မအရွယ်အစားရှိ စကျင်ကျောက်ပြား အချပ်ရေ ၈၁၉၀၀ ကို စေတီတော်ကြီး၏ ရင်ပြင်တော်ပတ်လည်တွင်လည်းကောင်း၊ အချပ်ရေ ၉၀၈၀၀ ကို ကျောက်စာပတ်လမ်းများတွင်လည်းကောင်း ခင်းကျင်းဆောင်ရွက်ခဲ့ရာ လှူဒါန်းမှုနှင့် ကုန်ကျငွေစုစုပေါင်းမှာ ငွေကျပ် သိန်း ၆၅၀၀ ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်