နေပြည်တော် အောက်တိုဘာ ၁
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ယနေ့မွန်းလွဲပိုင်းတွင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန လေ့ကျင့်ပျိုးထောင်ရေးစင်တာ(Incubation Center)၌ နေပြည်တော်ကောင်စီနယ်မြေရှိ အသေးစား၊ အငယ်စား၊ အလတ်စား (MSME) လုပ်ငန်းရှင်များနှင့်တွေ့ဆုံပြီး အသေးစားစက်မှုလက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းပူးပေါင်းလက်တွဲ ဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားခဲ့သည်။
ထိုသို့တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက နိုင်ငံ့စီးပွားမြှင့်တင်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေ၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအနေဖြင့် အသေးစား စက်မှုလက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ ကျေးလက်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေး၊ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်မှုများအား ခေတ်မီနည်းစနစ်များဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေသော ကဏ္ဍအသီးသီး၌ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနရှိ အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန(SSID)က ပါဝင်အကောင်အထည်ဖော် ဆောင်ရွက်နေသည့် အခြေအနေများကို ရှင်းလင်းပြောကြားသည်။
အဆိုပါတွေ့ဆုံပွဲတွင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က မိမိတို့ဝန်ကြီးဌာနတွင် မှတ်ပုံတင်ထားရှိသော အသေးစားစက်မှုလက်မှု လုပ်ငန်းများနှင့်ပတ်သက်၍ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် အစီအစဉ်များကို လည်းကောင်း၊ စားသောက်ကုန်လုပ်ငန်း၊ လူသုံးကုန်လုပ်ငန်း၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်း၊ အထည်ချုပ်လုပ်ငန်း၊ စာပေနှင့်ပုံနှိပ်လုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်း၊ ပရိဘောဂလုပ်ငန်း၊ လျှပ်စစ်ပစ္စည်းနှင့် အထွေထွေလုပ်ငန်း စသည့် လုပ်ငန်းအသင်းအဖွဲ့များမှ လုပ်ငန်းရှင်များက နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ အသေးစားစက်မှုလက်မှုလုပ်ငန်းများ အရှိန်အဟုန်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ကိစ္စရပ်များကိုလည်းကောင်း ဝိုင်းဝန်းအကြံပြု တင်ပြခဲ့ကြပြီး ဒုတိယဝန်ကြီးက လုပ်ငန်းများအလိုက် လိုအပ်သည်များကို ပြန်လည်ညှိနှိုင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်