Skip to main content

အရှေ့တောင်အာရှ အမျိုးသားလူ့အခွင့်အရေးအဖွဲ့အစည်းများဖိုရမ်၏ ဒုတိယအကြိမ် လုပ်ငန်းအဖွဲ့အစည်းအဝေးသို့ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌနှင့်အဖွဲ့ တက်ရောက်

နေပြည်တော် စက်တင်ဘာ ၃၀

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့် အရေးကော်မရှင်က တင်းပြည့်အဖွဲ့ဝင်အဖြစ် ပါဝင်ထားသည့် အရှေ့တောင်အာရှ အမျိုးသားလူ့အခွင့်အရေး အဖွဲ့အစည်းများ ဖိုရမ် (Southeast Asia National Human Rights Institutions Forum – SEANF) ၏ ဒုတိယအကြိမ် လုပ်ငန်းအဖွဲ့အစည်းအဝေး (2nd Technical Working Group Meeting) ကို ဖိုရမ်၏ ၂၀၂၂ ခုနှစ်အတွက် အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိသော ဖိလစ်ပိုင်နိုင်ငံ လူ့အခွင့်အရေး ကော်မရှင်က ဦးဆောင်၍ စက်တင်ဘာ ၂၈ ရက်မှ ၂၉ ရက်အထိ Hybrid format ဖြင့် ကျင်းပခဲ့သည်။

လုပ်ငန်းအဖွဲ့အစည်းအဝေးသို့ ဖိုရမ်အဖွဲ့ဝင်များဖြစ်ကြသည့် အင်ဒိုနီးရှား၊ မလေးရှား၊ ထိုင်းနှင့် ဖိလစ်ပိုင်နိုင်ငံ အမျိုးသားလူ့အခွင့်အရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များက Face to Face တက်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံနှင့် တီမောလက်စ်တေနိုင်ငံ အမျိုးသားလူ့အခွင့်အရေး အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များက Virtual Online Platform အသုံးပြု၍ တက်ရောက်ခဲ့ကြကာ ဖိုရမ်အဖွဲ့ဝင် လူ့အခွင့်အရေးအဖွဲ့အစည်းများမှ ကော်မရှင်ဥက္ကဋ္ဌများ၊ ကော်မရှင်အဖွဲ့ဝင်များနှင့် ရုံးဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။ လုပ်ငန်းအဖွဲ့အစည်းအဝေးသို့ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့် အရေးကော်မရှင်မှ ကော်မရှင်ဥက္ကဋ္ဌ ဦးလှမြင့်၊ ဒုတိယဥက္ကဋ္ဌ ဒေါက်တာနန္ဒာမွှန်း၊ ကော်မရှင် အဖွဲ့ဝင်များဖြစ်ကြသည့် ဦးပေါ်လွင်စိန်နှင့် ဒေါက်တာသန်းမြင့်၊ ကော်မရှင်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာခိုင်ခိုင်ဝင်း၊ ညွှန်ကြားရေးမှူး ဦးဇေယျာလင်းနှင့် ဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။

အစည်းအဝေးတွင် ၂၀၂၂ ခုနှစ် မတ်လက ကျင်းပခဲ့သော ဖိုရမ်၏ ပထမအကြိမ်လုပ်ငန်းအဖွဲ့ အစည်းအဝေးနောက်ပိုင်းကာလအတွင်း ဖိုရမ်အဖွဲ့ဝင် အမျိုးသားလူ့အခွင့်အရေးကော်မရှင်များ ၏ ဆောင်ရွက်ချက်များနှင့် တိုးတက်ဖြစ်ထွန်းမှုများ၊ အရှေ့တောင်အာရှ အမျိုးသားလူ့အခွင့်အရေး အဖွဲ့အစည်းများဖိုရမ် (SEANF) ၏ မဟာဗျူဟာစီမံကိန်း (၂၀၂၂-၂၀၂၆) ပါ ဦးစားပေးကိစ္စရပ် (၅) ရပ် အကောင်အထည်ဖော်ခြင်းနှင့်စပ်လျဉ်း၍ ဦးစားပေးကိစ္စရပ် တစ်ခုစီအလိုက် အကောင်အထည် ဖော်ဆောင်ရွက်ရန် အဓိကတာဝန် ယူထားသော ဖိုရမ်အဖွဲ့ဝင် အမျိုးသားလူ့အခွင့်အရေး အဖွဲ့အစည်းများ၏ အကောင်အထည်ဖော် ဆောင်ရွက်နေမှု၊ ဖိလစ်ပိုင်နိုင်ငံရှိ Plan International အဖွဲ့အစည်း မှ "The Girls' Leadership Index and the APAC Girls'" နှင့် စပ်လျဉ်း၍ အကောင်အထည်ဖော် ဆောင်ရွက်နေမှု၊ ၂၀၂၂-၂၀၂၃ ခုနှစ်တွင် SEANF နှင့် FORUM-ASIA/ ANNI တို့ ပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များ၊ (၁၉) ကြိမ်မြောက် SEANF နှစ်ပတ်လည် အစည်းအဝေး ကျင်းပရေးဆိုင်ရာကိစ္စရပ်များ အစရှိသည့် လူ့အခွင့်အရေး ကိစ္စရပ်များကို ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်။

လုပ်ငန်းအဖွဲ့ အစည်းအဝေး၌ ပထမအကြိမ် လုပ်ငန်းအဖွဲ့ အစည်းအဝေးအပြီးကာလအတွင်း မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့် အရေးကော်မရှင်၏ လူ့အခွင့်အရေးနှင့် စပ်လျဉ်းသည့် ဆောင်ရွက်ချက်များနှင့် တိုးတက်ဖြစ်ထွန်းမှုများကို ကော်မရှင်အဖွဲ့ဝင် ဦးပေါ်လွင်စိန်ကလည်း ကောင်း၊ SEANF ၏ မဟာဗျူဟာ စီမံကိန်း (၂၀၂၂-၂၀၂၆) ၏ ဦးစား ပေးကိစ္စရပ်အမှတ် (၂) “စီးပွားရေး လုပ်ငန်းများတွင် လူ့အခွင့်အရေး မြှင့်တင်ရန်နှင့် ကာကွယ်ရန် ကိစ္စရပ်နှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်၏ အကောင်အထည်ဖော် ဆောင်ရွက်နေမှုများကို ကော်မရှင်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာခိုင်ခိုင်ဝင်းက လည်းကောင်း တင်ပြဆွေးနွေးခဲ့ကြသည်။

ဖိုရမ်၏ (၁၉) ကြိမ်မြောက် နှစ်ပတ်လည် အစည်းအဝေးကို နိုဝင်ဘာ ၂၉ ရက်မှ ဒီဇင်ဘာ ၁ ရက်အထိ Hybrid format ဖြင့် ကျင်းပသွားရန် လုပ်ငန်းအဖွဲ့ အစည်းအဝေးတွင် ကနဦးသဘော တူညီမှုရရှိခဲ့ကြသည်။

သတင်းစဉ်