Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းမှ KNPP နှင့် PDF အမည်ခံအကြမ်းဖက်သမားများက အပြစ်မဲ့ပြည်သူများ စီးနင်း လိုက်ပါလာသည့် အရပ်ဖက်လေယာဉ်တစ်စီး လွိုင်ကော်လေဆိပ်သို့ ဆင်းသက်စဉ် ရက်စက်ရိုင်းစိုင်းယုတ်မာစွာဖြင့် အကြောင်းမဲ့ပစ်ခတ်တိုက်ခိုက်ခံရမှု ဖြစ်စဉ်နှင့်ပတ်သက်၍ ပြောကြားချက်

မေး။ ။ စက်တင်ဘာလ (၃၀) ရက်နေ့မနက်ပိုင်းတွင် ကယားပြည်နယ်အတွင်းရှိ KNPP နှင့် PDF အမည်ခံ အကြမ်းဖက်သမားများက အပြစ်မဲ့ပြည်သူများ စီနင်းလိုက်ပါလာသည့် အရပ်ဖက်လေယာဉ်တစ်စီးအား လွိုင်ကော်လေဆိပ်သို့ဆင်းသက်စဉ် အကြောင်းမဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။ အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက အခုလို ဖြေကြားထားပါတယ် -

ဖြေ။ ။ကယားပြည်နယ်မှာ ယခင်ကတည်းကပင် KNPP အကြမ်းဖက်သောင်းကျန်းအဖွဲ့နဲ့ PDF အဖွဲ့ပေါင်းပြီး လွိုင်ကော်မြို့ထဲမှာ မငြိမ်မသက်ဖြစ်အောင်၊ တိုက်ပွဲတွေဖြစ်အောင် ဆောင်ရွက်ခဲ့တာရှိတယ်။ တပ်မတော်အနေနဲ့ လုံခြုံရေးအရဆောင်ရွက်ပြီးတဲ့ အခါမှာ PDF အမည်ခံအကြမ်းဖက်အဖွဲ့တွေနဲ့ KNPP အဖွဲ့တို့ဟာ လွိုင်ကော်မြို့ကို နှောင့်ယှက်ပစ်ခက်တာ၊ လွိုင်ကော် လေယာဉ်ကွင်းများ နှောင့်ယှက်ပစ်ခက်တာတို့ကို သူတို့ကလစ်ရင်လစ်သလို အဆက်မပြတ် ဆောင်ရွက်လေ့တော့ရှိတယ်။ ဒီနေ့မှာတော့ ရန်ကုန်-နေပြည်တော်-လွိုင်ကော်-ရန်ကုန် ခရီးစဉ်ပြေးဆွဲနေတဲ့ မြန်မာ့အမျိုးသားလေကြောင်းလိုင်းက လေယာဉ်အမှတ် XY- AML လေယာဉ်က ၈ နာရီ ၄၅ မိနစ်လောက်မှာ လွိုင်ကော် လေဆိပ်ကိုဆင်းဖို့ လုပ်ပါတယ်။ လေယာဉ်ပေါ်မှာ ခရီးသည် ၆၀ ကျော်လောက်ပါ ပါတယ်။ ကျွန်တော် တို့အနေနဲ့ လွိုင်ကော်နဲ့ ခရီးစဉ် အဆက်မပြတ်ပြေးဆွဲနိုင်ရေး ခရီးသွားလုပ်သားပြည်သူများ ခရီးသွားလာမှု လွယ်ကူစေရေးအတွက် လေဆိပ်အနီးတစ်ဝိုက်မှာ လုံခြုံရေးတွေယူပြီး ဆောင်ရွက်ပေးနေတာ ဖြစ်ပါတယ်။ လေယာဉ်ဆင်းသက်မည်ဆိုပါက ဆင်းသက်မှု အဆင့်များအတိုင်း ပြေးလမ်းကို ချဉ်းကပ်ရတာရှိတယ်။ ကွင်းကိုပတ်ရတာရှိတယ်။ လေယာဉ်ဆင်းသက်မှုအတိုင်း လုပ်ဆောင်နေချိန် လေယာဉ်ပြေးလမ်းရဲ့ မြောက်ဘက်လောက်မှာ KNPP, PDF အကြမ်းဖက်အဖွဲ့တွေက လေယာဉ်ကို လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တာရှိပါတယ်။ ပစ်ခတ်မှုကြောင့် လေယာဉ်ဘယ်ဘက်အောက်ခြမ်း လေယာဉ်ရဲ့ ဝမ်းဗိုက်ပိုင်းမှာ လက်နက်ငယ်ကျည် ထိမှန်ခဲ့တာရှိတယ်။ လက်နက်ငယ်ကျည်က လေယာဉ်ဝမ်းဗိုက်ပိုင်းကို ဖောက်ထွက်ပြီး လေယာဉ်ပေါ်မှာရှိတဲ့ ခုံအမှတ် ၁၈ -A မှာ စီးနင်းလိုက်ပါလာတဲ့ ခရီးသည်တစ်ယောက်ရဲ့ ညာဘက်ပါးနဲ့ ညာဘက်နားရွက်ကို ထိခိုက်ခဲ့တာရှိပါတယ်။ (မစိုးရိမ်ရ) ထိခိုက်ဒဏ်ရာ ရရှိခဲ့တာဖြစ်ပါတယ်။

လေယာဉ်ထိခိုက်ခဲ့တာရှိသော်လည်း လေယာဉ်အမှုထမ်းတွေရဲ့ ကြိုးစားဆင်းသက်မှုကြောင့် လေယာဉ်က လွိုင်ကော်လေဆိပ်မှာ အောင်မြင်စွာဆင်းသက်နိုင်ခဲ့ပါတယ်။ ခရီးသည်ကိုလည်း လွိုင်ကော်မှာရှိတဲ့ တပ်မတော်ဆေးရုံမှာ ကုသပေးလျက်ရှိပါတယ်။ လေယာဉ်ကတော့ လိုအပ်တဲ့ ပြုပြင်မှုတွေပြုလုပ်ပြီး လွိုင်ကော်ကနေ မနက်ပိုင်းမှာပဲပြန်လည်ထွက်ခွာသွားပြီ ဖြစ်ပါတယ်။ ခရီးသည်လေယာဉ်ကို ဒီလိုလုပ်ဆောင်တာဟာ စစ်ရာဇဝတ်မှု၊ ရာဇဝတ်မှုတွေကို ကျူးလွန်ခဲ့တာဖြစ်ပါတယ်။ ငြိမ်းချမ်းရေးနဲ့ အေးချမ်းသာယာရေးကို လိုလာတဲ့ ပြည်သူလူထုရော၊ အဖွဲ့အစည်းတွေအနေနဲ့ရော ဒီကိစ္စကို ဝိုင်းဝန်းရှုံ့ချဖို့လိုပါတယ်။ လေယာဉ်တစ်ခုခု ဖြစ်သွားပါက ခရီးသွားပြည်သူများပဲ ဒုက္ခရောက်မှာ ဖြစ်ပါတယ်။ ဒေသခံပြည်သူလူထုရဲ့ ဆက်သွယ်ရေးလမ်းကြောင်းကို ဖြတ်တောက်နေတာပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ မနက်ပိုင်းကတည်းကပင် အချိန်မီသတင်းထုတ်ပြန်ပြီး ဖြစ်ပါတယ်။ တစ်ချို့ Online ပေါ်တွင် မသမာသူတွေက လေယာဉ်နဲ့ပတ်သက်ပြီး ကောလာဟလ သတင်းမျိုးစုံထုတ်လွှင့်နေတာရှိပါတယ်။ တပ်မတော်နဲ့ ဒေသခံလုံခြုံရေးအဖွဲ့တွေအနေနဲ့ ကတော့ ခရီးသွားလာမှု မပြတ်တောက်စေရေး ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ သောင်းကျန်းသူများ ခိုအောင်းနိုင်တဲ့နေရာတွေကို လိုက်လံရှင်းလင်းလျက်ရှိပါတယ်”