Skip to main content

မျိုးသစ်မျိုးကွဲ စုစုပေါင်း (၂၈)မျိုးကို မျိုးသစ် အသိအမှတ်ပြုလက်မှတ် ထုတ်ပေးနိုင်ရေး ဆွေးနွေး

နေပြည်တော် စက်တင်ဘာ ၂၉

စမ်းသပ်စိုက်ပျိုးသီးနှံ (၃)မျိုး၏ မျိုးသစ်မျိုးကွဲ (၁၂)မျိုးနှင့် အချက် အလက် စုစည်းတင်ပြထားသော သီးနှံ (၁၃)မျိုး၏ မျိုးသစ်မျိုးကွဲ (၁၆)မျိုး စုစုပေါင်း (၂၈)မျိုးတို့ကို မျိုးသစ် အသိအမှတ်ပြုလက်မှတ် ထုတ်ပေးနိုင်ရေး ဆွေးနွေး ဆောင်ရွက်လျက် ရှိသည်။

မျိုးစေ့ဆိုင်ရာ အမျိုးသား ကော်မတီ(NSC)၏ (၂၃)ကြိမ် မြောက်အစည်းအဝေးကို ယနေ့ နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်း အဝေးခန်းမ၌ ကျင်းပရာ မျိုးစေ့ဆိုင်ရာ အမျိုးသားကော်မတီ (NSC) ဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီးက ပြောင်းလဲလာသော မျိုးစေ့စျေးကွက်နှင့်အညီ စျေးကွက်တွင် ယှဉ်ပြိုင်နိုင်ရန် အတွက် ဒေသ ရေမြေရာသီဥတုနှင့် ကိုက်ညီမှု ရှိပြီး အရည်အသွေး စံချိန်စံညွှန်း များနှင့် ညီညွတ်သည့် တန်ဖိုးမြှင့် အရည်အသွေးကောင်း မျိုးစေ့များကို ဈေးနှုန်းချိုသာစွာ သုံးစွဲနိုင်ရေးအတွက် ပြည်ပမှ မျိုးစေ့များ တင်သွင်းခြင်း လုပ်ငန်းအပြင် ပြည်တွင်း မျိုးစေ့ ထုတ်လုပ်ငန်းများ ရင်းနှီးမြှုပ်နှံမှု တိုးတက်ရေးနှင့် ပြည်ပ ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာရေး အတွက် ဖြေလျှော့ ဆောင်ရွက်ပေးရမည့် နည်းလမ်းများ၊ ခေတ်စနစ်နှင့် လိုက်လျော ညီထွေမှု မရှိတော့သည့် ကိစ္စရပ်များ၊ ပြုပြင်ပြောင်းလဲ ဆောင်ရွက်ရန် လိုအပ်နေသော ကိစ္စရပ်များကို ရှာဖွေဖော်ထုတ် ဆောင်ရွက်လျက် ရှိကြောင်း ပြောကြားသည်။

သီးနှံအထွက်နှုန်းနှင့် အရည်အသွေး တိုးတက်ထုတ်လုပ်နိုင်ရေး၊ တောင်သူများ၏ ဝင်ငွေ တိုးတက်ရေးနှင့် လူနေမှု အဆင့်အတန်း မြင့်မားရေးအတွက် အရည်အသွေး ပြည့်မီသော မျိုးစေ့ များကို တောင်သူလယ်သမားများ လိုအပ်ချိန်တွင် သင့်တော်သော နှုန်းထားဖြင့် ရရှိ အသုံးပြုနိုင်ရန် မျိုးစေ့ဆိုင်ရာ အမျိုးသားကော်မတီ (National Seed Related Committee - NSC)က ကြိုးပမ်း ဆောင်ရွက်လျက် ရှိသည်။

ထို့နောက် မျိုးစေ့ဆိုင်ရာ အမျိုးသားကော်မတီ အတွင်းရေးမှူး ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ရဲတင့်ထွန်းက မျိုးသစ်အသိအမှတ် ပြုလက်မှတ်ရရှိရန် အစိုးရဌာနနှင့် ကုမ္ပဏီများမှ တင်ပြလာသည့် သီးနှံများနှင့် စပ်လျဉ်း၍ ရှင်းလင်း တင်ပြရာ တက်ရောက်လာကြသူ များက လုပ်ငန်း တစ်ခုချင်းအပေါ် ဝိုင်းဝန်းဆွေးနွေး အကြံပြုကြသည်။

ဌာနများ၊ အဖွဲ့အစည်းများ၊ ကုမ္ပဏီများက တင်ပြလာသည့် သီးနှံမျိုးသစ်များကို မျိုးသစ် အသိအမှတ်ပြု လက်မှတ်များ ထုတ်ပေးနိုင်ရန် သီးနှံကျွမ်းကျင်မှု ဆိုင်ရာ လုပ်ငန်းအဖွဲ့များ (Technical Working Groups - TWGs) နှင့် မျိုးစေ့ကျွမ်းကျင်မှု ဆိုင်ရာကော်မတီ (Technical Seed Committee - TSC)တို့က မျိုးစေ့ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် အညီ အဆင့်ဆင့် စိစစ်တင်ပြချက်အပေါ် သုံးလတစ်ကြိမ် ကျင်းပသည့် မျိုးစေ့ဆိုင်ရာ အမျိုးသား ကော်မတီ အစည်းအဝေးများတွင် သုံးသပ်ဆွေးနွေး ဆောင်ရွက်ကြသည်။

 (၂၂)ကြိမ်မြောက် အစည်းအဝေး ပြီးဆုံးချိန်အထိ သီးနှံ (၇၆) မျိုး၏ မျိုးကွဲ (၁၄၀၃) မျိုးနှင့် မိဘ မျိုးလိုင်း ၁၆၈ စုံ စုစုပေါင်း ၁၅၇၁ မျိုးကို စိစစ် ထုတ်ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

သတင်းစဉ်