Skip to main content

လူမှုစီးပွား အဆင်ပြေရေး စိုက်ပျိုးထုတ်ကုန် မြှင့်တင်ပေး

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံသည့် နိုင်ငံဖြစ်သည်။ ပြည်သူအများစုမှာ စိုက်ပျိုးရေးကို အခြေခံသည့် ထုတ်ကုန်များဖြင့် အလုပ်အကိုင်နှင့် လူမှုစီးပွားဘဝ အဆင်ပြေအောင် ဆောင်ရွက်ကြသည်။ စားသောက်ကုန် သီးနှံများမှာ မြန်မာနိုင်ငံတွင် လောက်ငဖူလုံ ပိုလျှံသဖြင့် ပြည်ပသို့လည်း တင်ပို့နိုင်သည်။ စိုက်ပျိုးရန် ရေ၊မြေနှင့် စိုက်ပျိုးစွမ်းအားများ ရှိသဖြင့် စားသောက်ကုန် သီးနှံများသာမက စက်မှုကုန်ကြမ်း သီးနှံများကိုလည်း တိုးတက် စိုက်ပျိုးထုတ်လုပ် ကြရမည် ဖြစ်သည်။

မြန်မာနိုင်ငံတွင် စားသောက်ကုန် သီးနှံများ အထွက်ကောင်းကြသော်လည်း စက်မှုကုန်ကြမ်း သီးနှံဘက်တွင် မဖွံ့ဖြိုးသည်ကို တွေ့ရှိနိုင်ပေသည်။ စက်မှု ကုန်ကြမ်း သီးနှံများတွင် ဝါသည် လူမှုဘဝ၌ အရေးပါသည့် စိုက်ပျိုးပင်ဖြစ်သည်။ တစ်ချိန်သော အခါကချည်မျှင်ရှည်ဝါ စိုက်ပျိုးရေးကို ဦးစားပေး ဆောင်ရွက်နိုင်ခဲ့ပြီး ပြည်တွင်းရှိ အထည် စက်ရုံကြီးများနှင့် အသေးစား၊ အငယ်စား ရက်ကန်းလုပ်ငန်းများ အတွက် ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင် ခဲ့သည်။ ခေတ်ကာလ ပြောင်းလဲ လာသောအခါ ပြည်ပမှ ချည်မျှင်၊ အထည်များကို ပြောင်းလဲ အသုံးပြုလာကြသဖြင့် ပြည်တွင်း ချည်မျှင်ရှည်ဝါ စိုက်ပျိုးမှု မှေးမှိန်လာသည်။ ပြည်တွင်းချည်သည် အဝတ်အထည် ဝတ်ဆင်မှု၌ အဆင်ပြေသော်လည်း ခေတ်အသွင်အရ ဈေးကွက် လိုအပ်ချက် ရှိသည်။

“ယခင်က ဝါစိုက်ပျိုးခဲ့သော်လည်း ဝါစိုက်ပျိုးမှုကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်ခဲ့ခြင်း မရှိခြင်းကြောင့် နိုင်ငံအတွက် လိုအပ်သည့် ဝါထွက်ပစ္စည်းများကို ပြည်ပမှ တင်သွင်းနေရသဖြင့် နိုင်ငံခြား သုံးစွဲငွေများ ပိုမိုကုန်ကျကြောင်း၊ အဝတ်အထည်သည် အခြေခံ လိုအပ်ချက်တစ်ခု ဖြစ်ပြီး လူတစ်ဦးအနေဖြင့် မွေးစမှ သေဆုံးသည့် အချိန်အထိ အဝတ်အထည်များ လိုအပ်ကြောင်း၊ ပြည်တွင်း၌ လိုအပ်သည့် အထည်များကို ပြည့်မီအောင် ထုတ်လုပ်နိုင်မည် ဆိုပါက နိုင်ငံအတွက် များစွာ အကျိုးဖြစ်ထွန်းစေမည် ဖြစ်ကြောင်း” နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စက်တင်ဘာ ၂၈ ရက်တွင် မိတ္ထီလာ စက်မှုဇုန်၌ ပြောကြားခဲ့သည်။

ဝါကို တစ်ချိန်သော ကာလက မန္တလေး၊ မကွေးနှင့် စစ်ကိုင်းတိုင်း ဒေသကြီးတို့တွင် စီးပွားဖြစ် စိုက်ပျိုးကြသည်။ ယခုအခါ နိုင်ငံတော်အစိုးရက စိုက်ပျိုးထုတ်ကုန် များ အထွက်တိုးရေးအတွက် အလေးထား ဆောင်ရွက်ပေးလျက် ရှိရာ ဝါစိုက်ပျိုးရေး ပြန်လည် ဖွံ့ဖြိုး တိုးတက်လာရေး အတွက်လည်း ဖြည့်ဆည်း ဆောင်ရွက်ပေးနေပြီ ဖြစ်သည်။ နိုင်ငံ့စီးပွား မြှင့်တင်ရေး ရန်ပုံငွေမှ စိုက်ပျိုးရေး လုပ်ငန်းများအတွက် မတည်ငွေ လွှဲအပ် ဆောင်ရွက်ပေးလျက်ရှိရာ ဝါစိုက်ပျိုးသူ တောင်သူများ အတွက်လည်း မတည်ငွေ ထုတ်ပေးသွားရန် စီစဉ်လျက် ရှိသည်။ ယခင် ဝါစိုက်ပျိုးခဲ့သော မြေများပေါ်တွင် ယခုအခါ အခြားသီးနှံများ စိုက်ပျိုးနေပြီး ဝါစိုက်ပျိုးရေး လုပ်ငန်းများကို မြှင့်တင် ဆောင်ရွက်သောအခါ အဆိုပါ မြေပေါ်တွင် ဝါသီးနှံကို ပြန်လည် စိုက်ပျိုး ကြရန် လိုအပ်ပေသည်။

ဝါစိုက်ပျိုးရန်အတွက် မျိုးကောင်းမျိုးသန့်များ၊ သွင်းအားစုများ ဖြစ်သည့် ဓာတ်မြေသြဇာနှင့် သဘာဝ မြေသြဇာများ လိုအပ်သည်။ ထို့အပြင် စိုက်ပျိုးမြေများကို စနစ်တကျ ပြုပြင်၍ ထွန်ယက် စိုက်ပျိုးနိုင်ရန် စက်ကိရိယာများလည်း လိုအပ်သည်။ စက်ကိရိယာများဖြင့် ထွန်ယက် စိုက်ပျိုးနိုင်မှသာ ဧကကွက်များ ပိုမိုဖြစ်ထွန်းပြီး ဝါစိုက်ပျိုးရေး အောင်မြင်မည် ဖြစ်သည်။ နိုင်ငံတော် အစိုးရအနေဖြင့် ဝါစိုက်ပျိုးရေး အတွက် ချေးငွေ၊ရန်ပုံငွေများ ထုတ်ပေးရေး၊ လိုအပ်သော စက်ကိရိယာများနှင့် ဝါမျိုးကောင်း မျိုးသန့်များ ရရှိရေး၊ ဝါသီးနှံကို အခြေခံသည့် စက်မှုလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်လာရေး စသည်တို့ကို ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရန် ကြိုးပမ်း ဆောင်ရွက်လျက် ရှိသည်။ ယခင်က စက်မှုဝန်ကြီးဌာနက ချည်မျှင်စက်ရုံများ တည်ထောင်ပြီး ဆောင်ရွက်ခဲ့သော် လည်းယခုအခါ တိမ်ကောသွားပြီ ဖြစ်သည်။ ယခုအခါ တပ်မတော် ချည်မျှင်နှင့် အထည် စက်ရုံများက ပြည်တွင်း လိုအပ်ချက်ကို ဖြည့်ဆည်း ပေးနိုင်ရန် တစ်ဖက် တစ်လမ်းက ထုတ်လုပ်ပေးလျက် ရှိသည်။

ဝါလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ကာ အဆင့်မြင့် ချည်မျှင်များ ထွက်ရှိရေးအတွက် မျိုးကောင်း၊ မျိုးသန့်များကို ဝယ်ယူပျိုးထောင် စိုက်ပျိုးကြရန် လိုအပ်သည်။ ပြည်သူများ မဖြစ်မနေ ဝယ်ယူ ဝတ်ဆင်နေရသော ပုဆိုးနှင့် ထဘီ ချည်ထည်များသည် ပြည်တွင်းထွက် ဝါထွက်ကုန်များ ဖြစ်ပြီး ပြည်သူများ ယနေ့ထက်တိုင် နှစ်သက်စွာ အသုံးပြုနေကြသည်။ အင်္ကျီအထည် များတွင်မူ အများစုမှာ ပြည်ပမှ ချည်ထည်များကို အသုံးပြုလျက် ရှိသဖြင့် ပြည်တွင်း ချည်ထည်များကို အဆင့်မီစွာ ထုတ်လုပ်နိုင်ရေး ကြိုးပမ်း ဆောင်ရွက်ကြရမည် ဖြစ်သည်။

သို့ဖြစ်ရာ ဝါစိုက်ပျိုးရေးသည် တစ်ချိန်သော ကာလက မြန်မာနိုင်ငံ၌ တွင်ကျယ်သော စိုက်ပျိုး ထုတ်ကုန်လုပ်ငန်း ဖြစ်ပြီး ယခုအခါ ဝါစိုက်ပျိုးရေးကို နိုင်ငံတော်အစိုးရက အားပေးမြှင့်တင် ဆောင်ရွက်ပေးနေပြီ ဖြစ်၍ ဝါစိုက်ပျိုးသူ တောင်သူများအနေဖြင့် နိုင်ငံတော်က ထောက်ပံ့ကူညီ ဆောင်ရွက် ပေးနေမှုများကို ရယူ၍လူမှုစီးပွား အဆင်ပြေစေရန် ဝါသီးနှံ အဆင့်မြှင့်တင် စိုက်ပျိုးရေးကို ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြပါရန် တိုက်တွန်းအပ် ပါကြောင်း။     ။