Skip to main content

COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (၂၉-၉-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီ

ကျန်းမာရေးဝန်ကြီးဌာန အနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက် ရှိပါသည်။

COVID-19 သံသယလူနာများ၊ ဓာတ်ခွဲ အတည်ပြုလူနာနှင့် အနီးကပ် ထိတွေ့ခဲ့သူများနှင့် အသွားအလာ ကန့်သတ်ထားရှိသူများအား COVID-19 ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစစ်ဆေးခြင်း ပုံမှန် ဆောင်ရွက်လျက်ရှိပြီး (၂၈-၉-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၂၉-၉-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း (၁၂,၇၀၆) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၃၇၉) ဦး တွေ့ရှိရပါသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုး တွေ့ရှိမှု ရာခိုင်နှုန်းမှာ (၂.၉၈) ရာခိုင်နှုန်း ရှိပါသည်။

သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာ စုစုပေါင်း (၉,၀၅၆,၄၅၀) ခုအား စစ်ဆေးခဲ့ပြီး COVID-19 ဓာတ်ခွဲ အတည်ပြုလူနာ စုစုပေါင်း (၆၂၂,၈၀၂) ဦး ရှိပြီဖြစ်ပါသည်။

ဓာတ်ခွဲ အတည်ပြုလူနာများအား နေအိမ်တွင် သီးခြားထားရှိခြင်းနှင့် ဆေးရုံများတွင် သီးခြား ထားရှိ ကုသမှုပေးခြင်းများ ဆောင်ရွက်ခဲ့ရာ ယနေ့တွင် ပြန်လည် ကောင်းမွန်လာသူ (၂၂၇) ဦး ရှိသဖြင့် ယနေ့အထိ ပြန်လည် ကောင်းမွန်လာသူ စုစုပေါင်း (၅၉၇,၈၉၈)ဦး ရှိပြီဖြစ်ပါသည်။ ယနေ့တွင် COVID-19 ရောဂါဖြင့် သေဆုံးသူ (၁)ဦး ရှိပါသဖြင့် ယနေ့အထိ သေဆုံးသူ စုစုပေါင်း (၁၉,၄၅၈) ဦး ရှိပါသည်။

 မြန်မာနိုင်ငံတွင် (၂၈-၁-၂၀၂၂) ရက်နေ့မှ (၂၆-၉-၂၀၂၂) ရက်နေ့အထိ တွေ့ရှိရသော ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ စုစုပေါင်း (၁၄၅) ဦးရှိရာ ၎င်းတို့အနက် (၁၀၂) ဦး (၇၀  ရာခိုင်နှုန်း) မှာ ဆီးချို၊ သွေးတိုး၊ နှလုံး၊ အသည်း၊ ကျောက်ကပ်၊ အဆုတ်၊ ကင်ဆာရောဂါ စသည့် နာတာရှည် ရောဂါအခံ တစ်ခုခုရှိသူများ ဖြစ်ကြပါသည်။  အဆိုပါ ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသည့် နာတာရှည်ရောဂါ ရောဂါအခံရှိသူများ၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံထားရှိမှု အခြေ အနေများကို ဆန်းစစ်ချက်အရ သေဆုံးသူများ၏ (၈၁.၄) ရာခိုင်နှုန်းမှာ ကာကွယ်ဆေး လုံးဝ ထိုးနှံထားခြင်းမရှိသူများနှင့် ကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံထားခြင်း မရှိသူများ ဖြစ်ကြပြီး  (၁၇.၂) ရာခိုင်နှုန်းမှာ ကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံထားရှိသူများနှင့် (၁.၄) ရာခိုင်နှုန်းမှာ ထပ်ဆောင်း ကာကွယ်ဆေး ထိုးနှံထားသူများ ဖြစ်ကြောင်း တွေ့ရှိရပါသည်။

ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသည့် ရောဂါအခံ ရှိသူများ၏ ၈၁.၄ ရာခိုင်နှုန်းသည် ၁၇.၂ ရာခိုင်နှုန်းသည် ၁.၄ ရာခိုင်နှုန်းသည် ကာကွယ်ဆေး လုံးဝထိုးနှံထားခြင်း မရှိသူများနှင့်  ကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံထားခြင်း မရှိသူများ ဖြစ်ကြပါသည်။ ကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံထားသူများ ဖြစ်ကြပါသည်။  ထပ်ဆောင်း ကာကွယ်ဆေး ထိုးနှံထားသူများ ဖြစ်ကြပါသည်။

သို့ဖြစ်ပါ၍ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူများ အတွင်း နာတာရှည် ရောဂါ ရောဂါအခံ ရှိသူများ၏ ကာကွယ်ဆေးထိုးနှံမှု အခြေအနေကို  လေ့လာသုံးသပ်ချက်အရ အဆိုပါ ပုဂ္ဂိုလ်များအနက် ကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံထားသူများနှင့် ထပ်ဆောင်း ကာကွယ်ဆေး ထိုးနှံထားသူများတွင် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးမှုကို သိသာစွာ လျှော့ချနိုင်ကြောင်းကို တွေ့ရှိရသည် ဖြစ်ရာ ဆီးချို၊ သွေးတိုး၊ နှလုံး၊ အသည်း၊ ကျောက်ကပ်၊ အဆုတ်၊ ကင်ဆာရောဂါ စသည်တို့ ကဲ့သို့သော နာတာရှည်ရောဂါ အခံတစ်ခုခုရှိသူ ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းမျဉ်း စည်းကမ်းများကို တိကျစွာ လိုက်နာခြင်း၊ ပါးစပ်နှင့် နှာခေါင်းစည်း (Mask) ကို စနစ်တကျ တပ်ဆင်ခြင်းတို့အပြင် နီးစပ်ရာ ကျန်းမာရေးဌာနများ၊ ကျေးရွာ/ ရပ်ကွက် အုပ်ချုပ် ရေးမှူးရုံးများနှင့် ဆက်သွယ်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုနှင့် ထပ်ဆောင်း ကာကွယ် ဆေးများ ထိုးနှံခြင်းတို့ကို မပျက်မကွက် ဆောင်ရွက်ကြပါရန် အသိပေး နှိုးဆော်အပ်ပါသည်။

ကိုဗစ်-၁၉ ရောဂါ ဆိုင်ရာ သတင်းအချက်အလက်များကို ကျန်းမာရေး ဝန်ကြီးဌာန၏ အင်တာနက် စာမျက်နှာ moh.gov.mm တွင် ဝင်ရောက် ကြည့်ရှုနိုင်ပါသည်။