Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် ဟိုပုံးမြို့ရှိ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးမှူးရုံးသို့ သွားရောက်၍ ရုံးဖွင့်လှစ်ထားရှိမှုနှင့် ရုံးသစ် ဆောက်လုပ်မည့် မြေနေရာအား ကြည့်ရှုစစ်ဆေး

နေပြည်တော် စက်တင်ဘာ ၂၉

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ရုံးသစ်များ ဖွင့်လှစ်မှုနှင့်အတူ လိုအပ်ချက်များကို  လုပ်ထုံးလုပ်နည်း နှင့်အညီ တင်ပြ ဆောင်ရွက်ကြရန် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က မှာကြားသည်။

ပြည်ထောင်စု ဝန်ကြီးသည် ယမန့်နေ့ မွန်းလွဲပိုင်းက ဟိုပုံးမြို့၌  လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးမှူးရုံး ဖွင့်လှစ်ထားရှိမှုနှင့် ဝန်ထမ်းများ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးစဉ် ယင်းသို့ မှာကြားခဲ့ခြင်း ဖြစ်သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးရုံး ဥက္ကဋ္ဌ ဦးခွန်ရဲထွေး နှင့်အတူ ဝန်ကြီးဌာန၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးမှူးရုံး အသစ် ဆောက်လုပ်မည့် မြေနေရာသို့ သွားရောက်ကြည့်ရှု စစ်ဆေးပြီး ရုံးတည်ဆောက်ရေး လုပ်ငန်းများကို လုပ်ထုံးလုပ်နည်းများ နှင့်အညီ သတ်မှတ် စံချိန်စံညွှန်း ပြည့်မီရေးအတွက် အလေးထား ဆောင်ရွက်ကြရေး မှာကြားသည်။

ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် ဟိုပုံးမြို့နယ် ဦးစီးမှူးရုံးသို့ သွားရောက်၍ ရုံးလုပ်ငန်း ဆောင်ရွက်နေမှုနှင့် မှတ်တမ်းခန်း၌ ကိုယ်ရေးဖိုင်များ စနစ်တကျထိန်း သိမ်းထားရှိမှုကို လှည့်လည်ကြည့်ရှု စစ်ဆေးပြီး ဝန်ထမ်းများနှင့် တွေ့ဆုံကာ လိုအပ်ချက်များ မေးမြန်း၍ နိုင်ငံတော်နှင့် ဌာနအပေါ် သစ္စာစောင့်သိ ရိုသေရေး၊ ဥပဒေ၊ လုပ်ထုံး လုပ်နည်းနှင့် အညီ ဆောင်ရွက်ကြရေး၊ ပြည်သူကို ထိရောက်သော ဝန်ဆောင်မှု ပေးနိုင်ရေးနှင့် ယဉ်ကျေးပျူငှာစွာ ဆက်ဆံ ဆောင်ရွက်ကြရေး၊ လုံခြုံရေး သတိရှိရေးတို့နှင့် စပ်လျဉ်း၍ ရှင်းလင်းမှာကြား အားပေး နှုတ်ဆက်ခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)