နေပြည်တော် စက်တင်ဘာ ၂၉
၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၁၁ ရက်မှ ၁၈ ရက်အထိ နေပြည်တော်တွင် ကျင်းပမည့် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးကို ကျန်းမာရေး ဝန်ကြီးဌာနက သတ်မှတ်ထားသော ကိုဗစ်-၁၉ ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ခမ်းနား သိုက်မြိုက်စွာ ကျင်းပနိုင်ရန် ဆောင်ရွက်ရှိကြောင်း သိရသည်။
ယင်းကိစ္စနှင့် စပ်လျဉ်းသည် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန လောကနတ်ခန်းမတွင် ကျင်းပရာ ပြိုင်ပွဲ ကျင်းပရေး ဦးစီးကော်မတီ ဥက္ကဋ္ဌ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ ဦးစီးကော်မတီဝင် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်း၊ ဦးစီးကော်မတီ အတွင်းရေးမှူး ဒုတိယဝန်ကြီး ဒေါက်တာ မိုးဇော်ထွန်း၊ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနနှင့် ကျန်းမာရေးဝန်ကြီးဌာနတို့မှ သက်ဆိုင်ရာ လုပ်ငန်းကော်မတီ၊ ဆပ်ကော်မတီဝင် များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ပြိုင်ပွဲဝင်အင်အား ခန့်မှန်း ၁၈၀၀၊ အကဲဖြတ်ပညာရှင် ၁၇၆ ဦးနှင့် ဆပ်ကော်မတီများမှ အထောက်အကူပြု ရုံးအဖွဲ့ဝင် ၂၀၀ တို့သည် သတ်မှတ်ထားသည့် တည်းခိုရေးစခန်းတွင် နေထိုင်ကြမည် ဖြစ်ကြောင်း၊ စက်တင်ဘာ ၂၂ ရက်က ကျင်းပသော နာယက ဦးဆောင်သည့် ပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီ အစည်းအဝေးတွင် နာယကက ပြိုင်ပွဲဝင်များ၏ သွားလာရေး၊ တည်းခိုနေထိုင် စားသောက်ရေး ကိစ္စရပ်များတွင် ကိုဗစ်-၁၉ စည်းကမ်းချက်များ နှင့်အညီ ဆောင်ရွက်ရန် လမ်းညွှန် မှာကြားထားပါကြောင်း၊ ထို့ပြင် ပြိုင်ပွဲဝင်များ နေပြည်တော်သို့ မလာရောက်မီ ကိုဗစ်ရောဂါပိုး ရှိ/မရှိ စစ်ဆေး၍ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ၅ ရက် ကြိုတင်၍ စုစည်းထားရန်လည်း လမ်းညွှန် မှာကြားခဲ့ပါကြောင်း၊ အကဲဖြတ် ပညာရှင်များ ကိုလည်း ပြိုင်ပွဲ မကျင်းပမီ ၅ ရက်ခန့် ကြိုတင်၍ သတ်မှတ်နေရာတွင် စုစည်းပြီး ကျန်းမာရေး စစ်ဆေးမှုများ ကြိုတင် ဆောင်ရွက်ရန်ကိုလည်း လမ်းညွှန် မှာကြားခဲ့ပြီး ဖြစ်ပါကြောင်း။
ထို့ပြင် “နိုင်ငံတော် ဝန်ကြီးချုပ်ကလည်း ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေး အစည်းအဝေးတွင် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲသို့ လာရောက်မည့် ဒိုင်၊ ပြိုင်ပွဲဝင်များ၊ နေပြည်တော်ရှိ ပြိုင်ပွဲကျင်းပရေး ကော်မတီ အသီးသီးမှ တာဝန်ကျ အရာထမ်း၊ အမှုထမ်းများအားလုံး Booster မထိုးရသေးပါက Booster ထိုးပြီးမှ ဆက်လက် ဆောင်ရွက်စေရန်”ဟု လမ်းညွှန် မှာကြားထားပါကြောင်း၊ ပြိုင်ပွဲဝင်များ နေပြည်တော် ရောက်ရှိပြီးမှ ကိုဗစ်-၁၉ ထပ်မံတွေ့ရှိပါက ဆောင်ရွက်ရမည့် အစီအစဉ်နှင့် ပြိုင်ပွဲယှဉ်ပြိုင်ခွင့် ရစေမည့် နည်းလမ်းများကို ကျန်းမာရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများ အနေဖြင့် ထည့်သွင်း ဆွေးနွေးပေးစေ လိုပါကြောင်း၊ ပြိုင်ပွဲကျင်းပမည့် နေရာများသို့ ပြင်ပမှ လာရောက်ကြည့်ရှုမည့် ပရိသတ်များရှိပါက ဆောင်ရွက်ရမည့် ကိစ္စရပ်များကိုပါ ဆွေးနွေးပေးစေ လိုပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်းက ယခုကာလသည် ကိုဗစ်တွေ့ရှိနှုန်း အတန်ငယ် မြင့်မားနေပါကြောင်း၊ သို့သော် သက်မှတ် စည်းကမ်းများနှင့်အညီ နေထိုင်သွားလာ စားသောက်ခြင်း၊ ကာကွယ်ဆေးများ ထိုးနှံ ထားရှိခြင်းဖြင့် ခုခံနိုင်ပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါကို အကြောင်းပြု၍ ပြိုင်ပွဲကြီး၏ အရှိန်အဟုန်ကို မထိပါးစေလို ပါကြောင်း၊ ပြိုင်ပွဲကို ဗဟိုပြု၍ ကိုဗစ်ရောဂါ ပျံ့ပွားမှုလည်း မပေါ်ပေါက်စေ လိုပါကြောင်း၊ အထူးသဖြင့် နိုင်ငံတော် အကြီးအကဲ၏ ဆန္ဒမွန်ဖြစ်သော ရွက်ပုံးသီး အနုပညာရှင်များ ပေါ်ထွန်းလာစေရေး ဟူသည့်အချက်ကို အလေးအနက်ထား၍ ရွက်ပုံးသီး အနုပညာရှင်လေးများ စိတ်အေး ချမ်းသာစွာ ယှဉ်ပြိုင်နိုင်ရေး အတွက် ကျန်းမာရေးရှုထောင့်မှ ပံ့ပိုးနိုင်မည့် နည်းလမ်းများ ကို ကြိုတင်ပြင်ဆင် ထားပါကြောင်းဖြင့် ပြောကြားသည်။
ဆက်လက်၍ ကျန်းမာရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများက ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်လာသူများက အထွေထွေ ကိစ္စရပ်များကို ဆွေးနွေးကြသည်။ ထို့နောက် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ၊ ပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီ ဥက္ကဋ္ဌ၊ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)