နေပြည်တော် စက်တင်ဘာ ၂၉
လက်နက်ကိုင် ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသော ကျူးလွန်မှုများမှ ကာကွယ်တားဆီးရေး ကော်မတီ ညှိနှိုင်းအစည်းအဝေး (၂/၂၀၂၂)ကို ယနေ့မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန စုပေါင်း အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
အဆိုပါ အစည်းအဝေး၌ လက်နက်ကိုင် ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသော ကျူးလွန်မှုများမှ ကာကွယ်တားဆီးရေးကော်မတီ ဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ကာကွယ်တားဆီးရေး ကော်မတီအနေဖြင့် လုပ်ငန်းစီမံချက် (၂၀၂၂-၂၀၂၃)ကို ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် လိုအပ်မည့် ကာကွယ်တားဆီး ရေးကော်မတီရုံးအဖွဲ့ ဖွဲ့စည်းပုံ (မူကြမ်း)နှင့် လုပ်ငန်းတာဝန်များ (မူကြမ်း) တို့ကို အတည်ပြု ချမှတ်နိုင်ရန်၊ လုပ်ငန်းစီမံချက်တွင် ပါရှိသည့် လုပ်ငန်းစဉ်တို့အား ဆောင်ရွက်ရာတွင် လိုအပ်မည့် ပူးပေါင်းဆောင်ရွက်မှုတို့ကို ဆွေးနွေးညှိနှိုင်းရန် ရည်ရွယ်ပြီး ယနေ့ညှိနှိုင်း အစည်းအဝေးကို ခေါ်ယူရခြင်း ဖြစ်ပါကြောင်း။
လုပ်ငန်းစီမံချက် (၂၀၂၂-၂၀၂၃) ကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အရေးပါသည့် အမျိုးသားအဆင့် တိုင်ကြားမှုယန္တရားဆိုင်ရာ Helpline ဖုန်းနံပါတ်၊ 4Digit 1566 ကို ပြည်သူလူထု အနေဖြင့် သိရှိ တိုင်ကြားနိုင်ရေးအတွက် ပြန်ကြားရေး ဝန်ကြီးဌာန၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ အခါအားလျော်စွာ ထုတ်ပြန် ကြေညာလျက်ရှိနေပြီ ဖြစ်ပါကြောင်း၊ လက်ရှိ အရှိန်အဟုန် ရရှိနေသည့် အပြုသဘော ဆောင်သော တိုးတက်မှုတို့ကို ဆက်လက်ထိန်းသိမ်း ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြန်လည်ထူထောင်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်ကျော်မိုးက ကာကွယ်တားဆီးရေး ကော်မတီ ညှိနှိုင်းအစည်းအဝေး (၁/၂၀၂၂)၏ ဆုံးဖြတ်ချက်များ ဆောင်ရွက်အပေါ် ဆောင်ရွက်ပြီးစီးမှု အခြေအနေ၊ ကာကွယ်တားဆီးရေး ကော်မတီ၊ ရုံးအဖွဲ့ ဖွဲ့စည်းပုံ(မူကြမ်း)နှင့် လုပ်ငန်း တာဝန်များ (မူကြမ်း)တို့ကို ရှင်းလင်းတင်ပြသည်။
(သတင်းစဉ်)