Skip to main content

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ် သစ်ပုတ်ကုန်းကျေးရွာ အုပ်စုတွင် အားကစားနှင့် ကာယပညာသိပ္ပံနှင့် ကန်သုံးဆင့် အဆင့်မြင့်ရေကူးကန် တည်ဆောက်မည်

နေပြည်တော် စက်တင်ဘာ ၂၉

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ် သစ်ပုတ်ကုန်း ကျေးရွာအုပ်စုတွင် အားကစားနှင့် ကာယပညာသိပ္ပံနှင့် ကန်သုံးဆင့် အဆင့်မြင့်ရေကူးကန် တည်ဆောက်သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ အားကစားနှင့် ကာယပညာသိပ္ပံ တည်ဆောက်မည့် မြေနေရာ ဧက(၅၀)နှင့် ကန်သုံးဆင့် အဆင့်မြင့် ရေကူးကန် တည်ဆောက်မည့် မြေနေရာသို့ အာကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် အောင်အောင်၊ တာဝန်ရှိသူများနှင့် အတူ ယမန်နေ့ နံနက်ပိုင်းက သွားရောက်ကြည့်ရှု စစ်ဆေးသည်။

ထို့ပြင် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ပုသိမ်မြို့ ကိုးသိန်း အားကစားပြိုင်ကွင်းရှိ ဘောလုံး အားကစားကွင်း အရှေ့ဘက်ပေ (၁၂၀x၂၀) (၂)ထပ် ပွဲကြည့်စင် တည်ဆောက်နေမှု၊ အိပ်ဆောင် တည်ဆောက်မည့် မြေနေရာနှင့် မိုးလုံလေလုံ (ပြည်သူ့အားကစားရုံ)တို့ကို လိုက်လံ ကြည့်ရှု စစ်ဆေးသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၌ ဝန်ကြီးချုပ်နှင့် တွေ့ဆုံ၍ အားကစားလောက ဖွံ့ဖြိုးတိုးတက်စေရေး၊ မျိုးဆက်သစ် အားကစား သမားများ ပေါ်ထွက်လာစေရေး တို့အတွက် ဆွေနွေးကြပြီး အားကစားအထောက် အကူပြုပစ္စည်း များပေးအပ်သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အဖွဲ့ဝင်များနှင့်အတူ ကျောက်တိုင် ဘောလုံးအားကစား ကွင်းသို့ သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပြီး Ayeyawaddy United FC မှ ဘောလုံးအားကစား သမားများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် တိုင်းဒေသကြီး အတွင်းရှိ အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံပြီး အဖွဲ့အစည်းဖြင့် လုပ်ဆောင် ရသည့်လုပ်ငန်း ဖြစ်သည့်အတွက် စည်းလုံးညီညွတ်မှု ရှိရန်နှင့် မိသားစုစိတ်ဓာတ် ထားရှိပြီး တစ်ဦးနှင့်တစ်ဦး အထက်အောက် အပြန်အလှန် ကူညီဖေးမ ဆောင်ရွက် လုပ်ကိုင်ကြရန်လို ကြောင်း၊ အခက်အခဲများနှင့် အခြားလိုအပ်သည်များ ရှိပါက တာဝန်ရှိသူများမှ တစ်ဆင့် အချိန် မရွေး တင်ပြနိုင်ကြောင်း မိမိအနေဖြင့် အတတ်နိုင်ဆုံး ကူညီဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မြောင်းမြမြို့နယ် မြို့မအားကစားကွင်း၊ နောင်ရိုး အားကစားခန်းမ(၂)နှင့် မြဧရာ ရေကူးကန်တို့ကို လည်းကောင်း၊ အိမ်မဲမြို့နယ် ရွှေလင်းယုန် အားကစားခန်းမနှင့် ဘောလုံးအားကစားကွင်း၊ သာပေါင်းမြို့နယ် ဘောလုံးအားကစားကွင်း တို့ကို လည်းကောင်း သွားရောက် ကြည့်ရှုစစ်ဆေးပြီး အားကစားကွင်း၊ အားကစားရုံများ ရေရှည် တည်တံ့စေရေးအတွက် စနစ်တကျ ထိန်းသိမ်းပြုပြင် ဆောင်ရွက်သွားရန်၊ သာပေါင်းမြို့နယ် ဘောလုံးကွင်းတွင် ပွဲကြည့်စင် အသစ်တစ်ခု ထပ်မံ ဆောက်လုပ်ပေးသွားရန် တာဝန်ရှိသူများကို မှာကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)