နေပြည်တော် စက်တင်ဘာ ၂၉
မြန်မာနိုင်ငံ၏ ခရီးသွားကဏ္ဍ မြှင့်တင်ရေးအတွက် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် ညောင်ဦးခရိုင်နှင့် မြို့နယ် ဌာနဆိုင်ရာများ၊ ထိုင်းနိုင်ငံ Channel 5 Midea အဖွဲ့တို့နှင့် ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့ Aureum Palace Resort Hotel ၌ တွေ့ဆုံ ဆွေးနွေးသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ၏ ခရီးသွားမြှင့်တင်ရေး ကဏ္ဍတစ်ရပ်အနေဖြင့် မြန်မာနိုင်ငံ၏ တန်ဖိုးမဖြတ်နိုင်သည့် ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေရှိ ဘုရား၊ ပုထိုး၊ စေတီနှင့် သာသနိကအဆောက် အအုံများကို Channel 5 Midea အဖွဲ့မှ ရိုက်ကူးထုတ်လွှင့်ပြသ၍ မြန်မာနိုင်ငံ၏ ခရီးသွားကဏ္ဍ မြှင့်တင်ရေးအတွက် ပူးပေါင်း ဆောင်ရွက်ရေးနှင့် စပ်လျဉ်း၍ ဆွေးနွေး ပြောကြားသည်။
ထို့နောက် ထိုင်းနိုင်ငံ Channel 5 Midea မှ အဖွဲ့ခေါင်းဆောင် Mr. Khirirath က ပုဂံဒေ၏ တန်ဘိုး မဖြတ်နိုင်သည့် ရှေးဟောင်း အလှအပများကို အကောင်းဆုံး ရိုက်ကူး၍ မြန်မာနိုင်ငံ၏ ခရီးသွား မြှင့်တင်ရေးအတွက် ကမ္ဘာအရပ်ရပ်သို့ ရိုက်ကူး ထုတ်လွှင့်ပေးသွားမည့် အစီအစဉ်များကို ရှင်းလင်း ဆွေးနွေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက Channel 5 Midea သို့ ပန်းချီကား လက်ဆောင်ပေးအပ်ပြီး ဒေသခံ ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်လုပ်ငန်းများ လုပ်ကိုင်လျက် ရှိသည့် ဟိုတယ် လုပ်ငန်းရှင်များအသင်း (ပုဂံဇုန်) ဥက္ကဋ္ဌနှင့် ခရီးသွားလုပ်ငန်းရှင် အသင်း(မန္တလေး)ဥက္ကဋ္ဌတို့က ကျေးဇူးတင်စကား ပြောကြားခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)