နေပြည်တော် စက်တင်ဘာ ၂၉
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် ၂၃ ကြိမ်မြောက် အာဆီယံ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးကွန်ရက် ညှိနှိုင်းရေးအဖွဲ့ အစည်းအဝေး ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အလုပ်သမား ဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းမျဉ်း စည်းကမ်းများနှင့်အညီ Video Conference ဖြင့် ကျင်းပသည်။
ဖွင့်ပွဲအခမ်းအနားတွင် အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ပွင့်ဆန်းက မြန်မာနိုင်ငံအနေဖြင့် လုပ်ငန်းခွင်အသီးသီးမှ အလုပ်သမားများ၏ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များကို ပိုမိုတိုးမြှင့် ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ ဥပဒေကို အတည်ပြု ပြဋ္ဌာန်းခဲ့ပြီး လိုအပ်သည့် နည်းဥပဒေများ ထုတ်ပြန်နိုင်ရေး ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း၊ ဥပဒေအရ စစ်ဆေး စည်းကြပ်နိုင်သည့် လုပ်ငန်းနယ်ပယ် ပိုမိုများပြား လာသည့်အတွက် လုပ်ငန်းနယ်ပယ် အသီးသီးမှ အလုပ်သမားများ၏ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးကို ပိုမိုကာကွယ် စောင့်ရှောက် ပေးနိုင်မည် ဖြစ်ကြောင်း။
အာဆီယံ လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးကွန်ရက်သည် ဒေသတွင်း ကုန်ထုတ်စွမ်းအားနှင့် လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးများတွင် လွန်စွာအရေး ပါသည့်အတွက် မြန်မာနိုင်ငံအနေနှင့် အာဆီယံ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေး ကွန်ရက်၏ ရည်မှန်းချက်များ အောင်မြင်စေရန် အတူတကွ ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ အာဆီယံ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေး ကွန်ရက်၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များကို အကောင်အထည် ဖော်ဆောင်ရွက်ရာတွင် အခက်အခဲနှင့် စိန်ခေါ်မှုများ ရှိနေဆဲ ဖြစ်သော်လည်း အာဆီယံလုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးကွန်ရက် အဖွဲ့ဝင်နိုင်ငံများနှင့် နိုင်ငံတကာ မိတ်ဖက် အဖွဲ့အစည်းများ၏ ပူးပေါင်းပါဝင် ဆောင်ရွက်မှုများကြောင့် အဆိုပါ စိန်ခေါ်မှုများကို ကျော်လွှားပြီး အောင်မြင်မှုများ ရရှိသည်အထိ ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က အစည်းအဝေး သဘာပတိအဖြစ် ဆောင်ရွက်ပြီး တက်ရောက်လာကြသည့် ကိုယ်စားလှယ်များက လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ အကြံပြု ဆွေးနွေးခဲ့ပြီး ညွှန်ကြားရေးမှူးချုပ်က နိဂုံးချုပ် အမှာစကား ပြောကြားခဲ့သည်။
လုပ်ငန်းခွင်ဘေး အန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးကွန်ရက် ညှိနှိုင်းရေး အဖွဲ့အစည်း အဝေးမှ ထွက်ပေါ်လာမည့် ရလဒ်ကောင်းများကြောင့် မြန်မာနိုင်ငံ အပါအဝင် အာဆီယံနိုင်ငံများမှ လုပ်သားထုကို ပိုမိုကောင်းမွန်သော လူနေမှုဘဝများ ရရှိစေရန်၊ ဘေးအန္တရာယ် ကင်းပြီး ကျန်းမာရေးနှင့် ညီညွတ်သည့် လုပ်ငန်းခွင်များ ဖန်တီးပေးနိုင်ရန် ရည်ရွယ်၍ ကျင်းပခြင်း ဖြစ်ပြီး ယခုနှစ်တွင် ကျရောက်သည့် ၂၃ ကြိမ်မြောက် အာဆီယံ လုပ်ငန်းခွင်ဘေး အန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးကွန်ရက် ညှိနှိုင်းရေးအဖွဲ့ အစည်းအဝေးကို မြန်မာနိုင်ငံက တတိယ အကြိမ်မြောက် အိမ်ရှင်အဖြစ် အလှည့်ကျ လက်ခံ ကျင်းပခွင့်ရခြင်း ဖြစ်သည်။
၂၃ ကြိမ်မြောက် အာဆီယံလုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေး ကွန်ရက် ညှိနှိုင်းရေးအဖွဲ့ အစည်းအဝေးနှင့် ဆက်စပ် အခမ်းအနားများကို စက်တင်ဘာ ၂၉ ရက်မှ ၃၀ ရက်အထိ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
အစည်းအဝေးသို့ အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ အမြဲတမ်း အတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ အာဆီယံ အတွင်းရေးမှူးချုပ်ရုံးမှ အထွေထွေ အတွင်းရေးမှူးချုပ်၊ ASEAN-OSHNET အတွင်းရေးမှူးချုပ်ရုံး၊ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ စစ်ဆေးရေး အဖွဲ့ (International Association of Labour Inspection-IALI)၊ တရုတ်နိုင်ငံ အရေးပေါ် စီမံခန့်ခွဲရေး ဝန်ကြီးဌာန (MEM)၊ ဂျပန်နိုင်ငံ ကျန်းမာရေး၊ အလုပ်သမားနှင့် သက်သာ ချောင်ချိရေး ဝန်ကြီးဌာန(Ministry of Health, Labour and Welfare, Japan - MHLW) မှ ကိုယ်စားလှယ်များ၊ ကိုရီးယားပြည်သူ့ သမ္မတနိုင်ငံ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေး အေဂျင်စီ (Korea Occupational Safety and Health Agency - KOSHA)မှ ကိုယ်စားလှယ်များ၊ အာဆီယံ အဖွဲ့ဝင် နိုင်ငံများမှ ကိုယ်စားလှယ်များ၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများမှ တာဝန်ရှိသူများ အပါအဝင် စုစုပေါင်း (၄၄) ဦး တက်ရောက်ကြသည်။
(သတင်းစဉ်)